CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
ဂျူဗင်တပ်စ်အသင်းနဲ့ ကာလရှည်ကြာစွာ စာချုပ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ တိုက်စစ်မှူးဗလာဟိုဗစ်ဟာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာမယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဖီအိုရင်တီးနားအသင်းကနေ ဂျူဗင်တပ်စ်အသင်းထံ ၄ နှစ်ခွဲစာချုပ်နဲ့ ရောက်လာခဲ့တဲ့ ဗလာဟိုဗစ်ရဲ့စာချုပ်ဟာ ဇွန်လ ၃၀ ရက်ဆိုရင် ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရရှိခဲ့တာပါ။
နောက်ဆုံးအကြိမ်ဆွေးနွေးမှုမှာ ဗလာဟိုဗစ်ရဲ့တောင်းဆိုမှုနဲ့ ဂျုဗင်တပ်စ်အသင်းဘုတ်အဖွဲ့က ကမ်းလှမ်းမှု တွေဟာ ဟွာဟမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
La Gazzetta dello Sport က ဗလာဟိုဗစ်ဟာ စာချုပ်သစ်အတွက် တစ်နှစ်ကို လုပ်ခလစာယူရို ၈ သန်းအပြင် များပြားတဲ့ လက်မှတ်ထိုးအပိုဆုကြေးနဲ့ အေးဂျင့်ကော်မရှင်တွေကို တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားတာပါ။

တိုက်စစ်မှူးဗလာဟိုဗစ်
ဂျူဗင်တပ်စ်အသင်းကတော့ ယူရို ၆ သန်းအပြင် စွမ်းဆောင်ရည်နဲ့ဆက်စပ်တဲ့ အပိုဆုကြေးတွေပေးဖို့ ဆန္ဒရှိပေမယ့် အပိုကုန်ကျမယ့်တောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
အဲဒါကြောင့် ဆွေးနွေးမှုတွေဟာ ရပ်ဆိုင်းခဲ့ပြီး ဗလာဟိုဗစ် ဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့ဖြစ်လာခဲ့တာပါ။
ချယ်လ်ဆီး၊ နယူးကာဆယ်၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ဗလာဟိုဗစ်ရဲ့အေးဂျင့်ထံ ဆက်သွယ် ခဲ့တယ်လို့ သတင်းတွေထွက်နေပေမယ့် ဗလာဟိုဗစ်အနေနဲ့ ဘယ်အသင်းထံ ပြောင်းရွှေ့မလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးတာ ဖြစ်ပါတယ်။
ဗလာဟိုဗစ် အသင်းကနေ ထွက်ခွာမှာက ဂျူဗင်တပ်စ်အသင်းနည်းပြ စပယ်လက်တီအတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်ခဲ့တာပါ။
ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၁၆၈ ပွဲကစားပြီး ၆၈ ဂိုးသွင်းယူကာ ကိုပါအီတာလီယာဖလား ၁ ကြိမ်ရရှိခဲ့ပါတယ်။
