CNI Sport News

၂၀၂၂ ခုနှစ်၊ ၂၆

အီတလီလက်ရွေးစင် အသင်းခေါင်းဆောင် ချီလီနီက ဝင်ဘာလေမှာ ကစားမယ့် အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ပွဲအပြီးမှာ နိုင်ငံတကာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ အတည်ပြု လိုက်ပါတယ်။

ချီလီနီဟာ ပြီးခဲ့တဲ့ နွေရာသီက ကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်း ချန်ပီယံဆု ဆွတ်ခူးခဲ့တာမှာ ခြေစွမ်းပြသ နိုင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် နောက်ခံလူဟာ ဒီအောင်မြင်မှုတွေကို ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အထိ သယ်ဆောင်သွားနိုင်ဖို့ ပစ်မှတ်ထားခဲ့တာပါ။

ဒါပေမယ့် အီတလီ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရဖို့ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။

ချီလီနီဟာ ဂျူဗင်တပ်စ်အသင်းက ဆက်ဆူအိုလို အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်အပြီးမှာ လက်ရွေးစင် အသင်းက အနားယူမယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့တာပါ။

ချီလီနီက “ကျနော့်အနေနဲ့ အဆင်ပြေမယ်ဆိုရင် ကစားသမားဘဝ အထွတ်အထိပ် ရောက်ခဲ့တဲ့ ဝင်ဘာလေမှာ ကစားပြီး နိုင်ငံ အသင်းကို နှုတ်ဆက်ချင်ပါတယ်။ အာဂျင်တီးနားလို အထိမ်းအမှတ်ပွဲတစ်ခုနဲ့ အဇူရီဂျာစီကို နှုတ်ဆက်လိုက်တာက အလွန် ကောင်းပါတယ်။ လက်ရွေးစင်အတွက် ဒီပွဲဟာ ကျနော့်ရဲ့ နောက်ဆုံးပွဲပါ”လို့ DAZN ကို ပြောခဲ့တာ ဖြစ်ပါတယ်။

ချီလီနီကို တွေ့ရစဉ်(Football365)

ချီလီနီဟာ ဖီအိုရင်တီးနား အသင်းမှာ ကစားနေတဲ့အချိန် အသက်(၂၀)အရွယ်မှာ အီတလီလက်ရွေးစင် အသင်းအတွက် စတင် ပွဲထွက်ခွင့် ရရှိခဲ့တာပါ။ ချီလီနီဟာ ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲမှာ ကြေးတံဆိပ်ရခဲ့တဲ့ အီတလီ အိုလံပစ် အသင်းမှာလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အသင်းခေါင်းဆောင်ဟာ အီတလီ အသင်းအတွက် ပွဲပေါင်း ၁၁၆ ပွဲ ပါဝင်ကစားခဲ့ကာ နှစ်ပေါင်း ၂၀ နီးပါး ကစားခဲ့တာပါ။

အသက်(၃၇)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ချီလီနီဟာ ဂျူဗင်တပ်စ် အသင်းနဲ့လည်း ဆုဖလားအောင်မြင်မှု အများအပြား ရယူထား တာဖြစ်ပြီး ၂၀၂၃ ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

“ဂျူဗင်တပ်စ်နဲ့ ကျနော့်ရဲ့ ချစ်ခြင်းမေတ္တာတွေက ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ အခုအချိန်ကနေ ရာသီ အကုန်ထိ အရာအားလုံးကို အကဲဖြတ်ရမှာဖြစ်ပြီး အကောင်းဆုံးက မိသားစုနဲ့ စကားပြောရမှာ ဖြစ်ပါတယ်”လို့ ချီလီနီက ပြောခဲ့တာ ဖြစ်ပါတယ်။

Source: Goal