CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄

ဂျူဗင်တပ်စ်အသင်းဟာ ကွင်းလယ်ကစားသမား ပေါ့ဘာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင် အာဆင်နယ်အသင်းကွင်းလယ်လူ ပါတေးကို အစားထိုးခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲကစားခွင့် ယာယီပိတ်ပင်ခံထားရပြီး တားမြစ်ဆေးအမှန်တကယ် သုံးစွဲကြောင်းတွေ့ရမယ်ဆိုရင် ၄ နှစ်ကြာအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်တာပါ။ ပေါ့ဘာဟာ ဂျူဗင်တပ်စ် အသင်းက အူဒီးနီးစ်အသင်းကို အနိုင်ရတဲ့ပွဲအပြီး ဆေးစစ်မှုပြုလုပ်ခဲ့တာမှာ တားမြစ်ဆေးသုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာအနေနဲ့ ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုရင် စာချူပ်ဖျက်သိမ်းဖို့တောင် စီစဉ်နေတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြထားတာပါ။

ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို စာချူပ်ဖျက်သိမ်းပြီးရင် အစားထိုးမယ့် ကစားသမားစာရင်းကို ပြုစုနေပြီး ဒီထဲမှာ အာဆင်နယ်အသင်းကွင်းလယ်လူ ပါတေးလည်း ပါဝင်နေတာဖြစ်ပါတယ်။ ပါတေးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကတည်းက ဂျူဗင်တပ်စ်အသင်းနဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် အာဆင်နယ်အသင်းက မရောင်းချ ခဲ့တာကြောင့် လန်ဒန်ကလပ်မှာ ဆက်ပြီး ရှိနေခဲ့တာပါ။

ဂါနာကွင်းလယ်လူဟာ လက်ရှိအချိန်မှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး မကြာခင်အချိန် အတွင်းမှာ အာဆင်နယ်အသင်းအတွက် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။ ပါတေးဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပွဲအစ ၃ ပွဲစလုံး အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ကွင်းလယ်နေရာထက် ညာနောက်ခံလူနေရာမှာ ကစားခဲ့ရတာဖြစ်ပါတယ်။

ပေါ့ဘာကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဂျူဗင်တပ်စ်အသင်းထံ ပြန်ရောက်လာခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ တစ်ရာသီလုံး ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ၅၂ မိနစ်သာ အသင်းအတွက် ပါဝင် ကစားပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ဂျူဗင်တပ်စ်အသင်းနဲ့ စာချူပ် ဖျက်သိမ်းရမယ့် အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။

Source:Goal