CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆

အဲဗာတန် အသင်းနည်းပြ လမ်းပတ်ဟာ လီဗာပူးလ်နဲ့ မာဆေးဆိုဒ် ဒါဘီပွဲအပြီးမှာ ကွင်းလယ်ဒိုင်လူကြီး အက်ဒ်ဝဲလ် အပေါ် ပြောခဲ့တဲ့ မှတ်ချက်ကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်တာကို ခံရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

လီဗာပူးလ် အသင်းက ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန်(၅၃)မိနစ်မှာ အဲဗာတန် ကစားသမား ဂေါ်ဒွန်ကို လီဗာပူးလ် နောက်ခံလူ မာတစ်ပ်က ဂိုးဧရိယာအတွင်းမှာ တွန်းတိုက်မိခဲ့တာပါ။

ဒီဖြစ်ရပ်အပေါ် ပင်နယ်တီ မပေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အဲဗာတန် အသင်းက ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန် အသင်းဟာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘာကြောင့် အသေးစိတ် မကြည့်ခဲ့တာလဲဆိုတာကို ရှင်းလင်းပေးဖို့ တာဝန် ရှိသူ ဒိုင်လူကြီးတွေကို ဆက်သွယ်ခဲ့တာပါ။
အဲဗာတန်နဲ့ ဒိုင်လူကြီး တာဝန်ရှိသူတွေရဲ့ ဆက်ဆံရေးဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကတည်းက အဆင်မပြေခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ်ကတော့ သူတို့အသင်း ပင်နယ်တီမရခဲ့လို့ အလွန်စိတ်ပျက်နေခဲ့ပြီး “အဲ့ဒီနေရာမှာ ဆာလတ်သာ ဖြစ်ခဲ့ရင် ခင်ဗျားတို့ ပင်နယ်တီ ရပါလိမ့်မယ်။ ကျနော်ဟာ လိဂ်ရဲ့ ထိပ်တန်းအသင်းတွေမှာ ကစားခဲ့ပါတယ်။ သူတို့ဆိုရင် ပင်နယ်တီ ရပါလိမ့် မယ်”လို့ ပြောခဲ့တာပါ။

အဲဗာတန်ကစားသမားကို လီဗာပူးလ်ကစားသမားက တားဆီးနေစဉ်(Sky Sports)

အဲဗာတန် အသင်းဟာ ဒီပွဲရလဒ်ကြောင့် တန်းဆင်းဇုန်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။
အက်ဖ်အေ စည်းကမ်း ထိန်းသိမ်းရေးကော်မတီက လမ်းပတ်ရဲ့ မှတ်ချက်စကားကို မှတ်သားထားပြီး ဒီလိုပြောခဲ့တဲ့ အပေါ် သဘောထား မှတ်ချက်ပေးဖို့ တောင်းဆိုထားခဲ့တာပါ။

လီဗာပူးလ်နဲ့ အဲဗာတန် အသင်းတို့ဟာ ဒီပွဲဖြစ်ခဲ့တဲ့ အမူအကျင့်တွေနဲ့ ပတ်သက်ပြီး သတိပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲ မှာ အဲဗာတန် ကွင်းလယ်လူ ဒိုကိုရေးဟာ လီဗာပူးလ် ကွင်းလယ်လူ ဖာဘင်ဟို ကန်ခဲ့လို့ ရန်ပွဲ ဖြစ်ပွဲခဲ့သေးတာပါ။ ရစ်ချာလီ ဆန် ဒဏ်ရာရနေပြီး ကွင်းထဲမှာ လဲကျနေတဲ့အချိန်မှာ လီဗာပူးလ် အသင်းက ပွဲဆက်ကစားနေတဲ့ အချိန်မှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက မန်စီးတီး အသင်းကို ဒုတိယနေရာကနေ ၁ မှတ်အကွာနဲ့ ဆက်လက် ဖိအားပေးနေခဲ့ပြီး အဲဗာတန် အသင်းကတော့ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။

Source: Daily Mail