CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆

ပေါ့ဘာ ဟာ နွေရာသီ အပြောင်းအရွှေ့မတိုင်ခင်မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ WhatsApp ဂရုထဲကနေ ထွက်ခွာလိုက်ပြီလို့ နောက်ဆုံးရ အားကစားသတင်းတွေမှာ ဖော်ပြထားပါတယ်။

ပေါ့ဘာ ဟာ လီဗာပူးလ် အသင်း ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဒီပွဲဟာ မန်ချက်စတာယူနိုက်တက် ဂျာစီနဲ့ သူနောက်ဆုံးကစားခဲ့တဲ့ ပွဲဖြစ်တယ်လို့ သတ်မှတ်ထားကြတာပါ။ ပေါ့ဘာ နဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဇွန်လအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းတဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချထားတာဖြစ်ပါတယ်။

ပေါ့ဘာ ဟာ အခုနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတာကို အသင်းဖော်တွေကို ပြောခဲ့ပြီး ဖြစ်တယ်လို့ မေရာသတင်းမှာ ဖော်ပြထားတာပါ။ပြင်သစ်ကစားသမားဟာ အသင်းသားတွေရဲ့ WhatsApp ဂရုထဲကနေ ထွက်ခွာလိုက်တာက မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာမယ့် လုပ်ငန်းစဉ်တွေကို စတင် လိုက်တာဖြစ်တယ်လို့ သိရပါတယ်။မန်ချက်စတာကလပ်ကနေ ထွက်ခွာမယ့် ပေါ့ဘာကို ရီးရယ်လ်နဲ့ ပီအက်စ်ဂျီ အသင်းတို့က ကမ်းလှမ်းမှုတွေပြုလုပ်ထားတာပါ။

ရီးရယ်လ် အသင်းဟာ ပေါ့ဘာ အပါအဝင် ချယ်လ်ဆီး နောက်ခံလူ ရူဒီဂါ၊ပီအက်စ်ဂျီ တိုက်စစ်မှူး ဘတ်ပီ တို့ကို လည်း အလွတ်နဲ့ခေါ်ယူဖို့ သူတို့ရဲ့ စာရင်းထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ပေါ့ဘာနဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ ဆက်ဆံရေးဟာ နောဝစ်ချ် ကို အနိုင်ရခဲ့တဲ့ ပွဲမှာကတည်းက အဆင်မပြေမှုတွေ ရှိခဲ့တာပါ။အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ သူ့ရဲ့နောက်ဆုံးပွဲစဉ်မှာ လူစားလဲခံရချိန် ပရိသတ်တွေက သူ့ကို လှောင်ပြောင်တဲ့အခါမှာ နားရွက်ပေါ်မှာ လက်တင်တဲ့ အမူအရာကို လုပ်ပြသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရက်ဂ်နစ်ကလည်း ပေါ့ဘာ ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘဲ ထွက်ခွာတော့မှာဖြစ်တယ်လို့ အာဆင်နယ် အသင်းနဲ့ ပွဲမတိုင်ခင်မှာ ပြောခဲ့တာပါ။ဒါပေမယ့် ပေါ့ဘာ ကတော့ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ ကြိုစားနေကြောင်း ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ပြီး ပြန်လည် တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ပေါ့ဘာ ဟာ အသင်းအတွက်(၂၂၆)ပွဲ ပါဝင်ကစားပြီး (၃၉)ဂိုးသွင်းယူကာ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။