CNI International News

၂၀၂၂ ခုနှစ်၊ မေလ ၇

မန်စီးတီး အသင်းဟာ အခုရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပေါ့ဘာ ကို အလွတ်နဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ပေါ့ဘာ ကိုယ်တိုင်ကလည်း မန်ချက်စတာယူနိုက်တက် အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတာပါ။

၂၀၁၆ က ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉.၅ သန်းနဲ့ ဂျူဗင်တပ်စ်ကနေ ရောက်ရှိလာတဲ့ ပေါ့ဘာ ကို ပီအက်စ်ဂျီ နဲ့ ဂျူဗင်တပ်စ် အသင်းတို့က ခေါ်ယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ ဝါရင့်ကစားသမား ဖာနန်ဒင်ဟိုရဲ့ နေရာမှာ ပေါ့ဘာ ကို အစားထိုးချင် နေတာပါ။

ဖာနန်ဒင်ဟို ဟာ စာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်မှာ မန်စီးတီးကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုထားပြီး ဖြစ်ပါ တယ်။ ပေါ့ဘာ ဟာ နံပတ် (၆) နေရာနဲ့ နံပတ် (၈) နေရာမှာ ကစားနိုင်တာကြောင့် မန်စီးတီး နည်းပြ ဂွာဒီယိုလာ က အသင်း အတွက် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကစားသမားဟာ အသင်းနဲ့ စာချုပ် သက်တမ်းတိုးမှာ မဟုတ်တော့ဘဲ ဒဏ်ရာကြောင့် အသင်း အတွက် နောက်ဆုံးပွဲ ကစားပေးပြီးပြီလို့တောင် သုံးသပ်နေကြတာပါ။

ပေါ့ဘာကိုတွေ့ရစဉ်(SI)

မန်စီးတီး အသင်းဟာ ပေါ့ဘာ ကို တရားဝင် အလွတ်နဲ့ ခေါ်ယူလို့ရမယ့် ဇူလိုင် ၁ ရက်အထိ အပြောင်းအရွှေ့ အပြီးသတ်နိုင်မှာ မဟုတ်ပေမယ့် ကစားသမားဟာ ဥရောပအသင်းကြီးတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လို့ ရနေတာ ဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ ပေါ့ဘာနဲ့ အေးဂျင့် အတူတူဖြစ်တဲ့ ဟာလန်း ကိုလည်း အခုနွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထား နေတာကြောင့် အဆိုပါ ကစားသမား ၂ ဦးလုံးဟာ အီးတီဟတ်မှာ အတူတွဲကစားနိုင်ဖွယ် ရှိနေတာပါ။

ပေါ့ဘာ ရဲ့ အပြောင်းအရွှေ့သာ ဖြစ်ခဲ့မယ်ဆိုရင် ၂၀၀၉ က မန်ချက်စတာယူနိုက်တက်ကနေ မန်စီးတီးကို ပြောင်းရွှေ့သွားတဲ့ တီဗတ်စ် နောက်ပိုင်း စိတ်လှုပ်ရှားဖွယ် အပြောင်းအရွှေ့ ဖြစ်လာနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက မန်စီးတီးအကယ်ဒမီထွက် ဆန်ချိုကို ဒေါ့မွန် အသင်းကနေ ပေါင် ၇၃ သန်းနဲ့ ဝယ်ယူခဲ့တာပါ။

ပေါ့ဘာ ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ၂၂၆ ပွဲပါဝင်ကစားခဲ့ပြီး ၃၉ ဂိုး သွင်းယူနိုင်ခဲ့ကာ အသင်းနဲ့အတူ လိဂ်ဖလားနဲ့ ယူရိုပါလိဂ် တို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal