CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁

ပရီးမီးယားလိဂ် ကလပ်အသင်း (၄)သင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဒိုင်ဘားလားကို ခေါ်ယူဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေးလီးမေးလ်က ဖော်ပြလိုက်ပါတယ်။

ဒိုင်ဘားလားနဲ့ ဂျူဗင်တပ်စ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ် အတွက် ညှိနှိုင်းမှုတွေကလည်း ပျက်ပြယ်သွားခဲ့တာပါ။ အဲ့ဒါကြောင့် အာဂျင်တီးနား တိုက်စစ်မှူးဟာ အခုရာသီအကုန်မှာ အသင်းက ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်သာ ရှိသေးပြီး အလွတ်နဲ့ရမယ့် ဒိုင်ဘားလားလို ကစားသမားကို ခေါ်ယူဖို့ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုဟာ သိသိသာသာ မြင့်တက်လာခဲ့တာပါ။

ESPN က မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ နယူးကာဆယ် အသင်းတို့ဟာ ဒိုင်ဘားလားနဲ့ ပတ်သက်ပြီး စုံးစမ်း မေးမြန်းမှုတွေ ပြုလုပ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

စပါးအသင်းကတော့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ကြာပြီလို့ သိရပါတယ်။ အီတလီနဲ့ စပိန်မှာရှိတဲ့ ကလပ်အသင်းတွေကလည်း ဂျူဗင်တပ်စ် တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့ပေမယ့် ဘယ် အသင်းကမှ ထပ်တိုးဆွေးနွေးမှုတွေ မပြုလုပ်ရသေးတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ၂၀၁၉ က ဒိုင်ဘားလားကို လူကာကူနဲ့ အလဲအလှယ်လုပ်ဖို့ နီးစပ်ခဲ့ပေမယ့် အာဂျင်တီးနား ကစားသမားတောင်းဆိုတဲ့ လစာကို ပေးဖို့ ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒိုင်ဘားလားကိုတွေ့ရစဉ်(Sports Mole)

နည်းပြသစ် ဖြစ်လာမယ့် အဲရစ်တန်ဟတ်ကတော့ ဒိုင်ဘားလားကို ခေါ်ယူဖို့ စိတ်ပိုင်း ဖြတ်ထားတာကြောင့် မန်ချက်စတာ ကလပ်ဟာ ပြန်လည် လှုပ်ရှားလာခဲ့တာပါ။ စပါးအသင်းကလည်း လွန်ခဲ့တဲ့ ၃ နှစ်က ဒိုင်ဘားလားကို ခေါ်ယူဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ ဂျူဗင်တပ်စ် အသင်းနဲ့ သဘောတူညီခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းလိုပဲ ဘဏ္ဍာရေး အကြောင်းပြချက်ကြောင့် မခေါ်ယူနိုင်ခဲ့တာပါ။ စပါးအသင်းကို ဘောလုံးဒါရိုက်တာအဖြစ် တာဝန် ယူခဲ့တဲ့ ပါရာတီချီက ဂျူဗင်တပ်စ် အသင်းမှာ ၁၁ နှစ်ကြာ အလုပ်လုပ်ခဲ့တာကြောင့် ဒိုင်ဘားလားနဲ့ ရင်းနှီးမှုရှိနေတာ ဖြစ်ပါ တယ်။

အူဘာမီယန်း ထွက်ခွာပြီးကတည်းက မဖြည့်တင်းရသေးတဲ့ တိုက်စစ်နေရာအတွက် အာဆင်နယ် အသင်းဟာ ဒိုင်ဘားလား ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာပါ။

ဆော်ဒီ ကျောထောက် နောက်ခံနဲ့ ငွေကြေး အများအပြား အသုံးပြုဖို့ ပြင်ဆင်ထားတဲ့ နယူးကာဆယ် အသင်းကလည်း ဒိုင်ဘားလားကို ခေါ်ယူဖို့ မျက်စိကြနေတာ ဖြစ်ပါတယ်။ ၂၀၁၅ က ပါလာမို အသင်းကနေ ရောက်ရှိလာတဲ့ ဒိုင်ဘားလားဟာ ဂျူဗင်တပ်စ် အသင်းအတွက် ဒီရာသီမှာ ၃၄ ပွဲ ကစားထားပြီး ၁၄ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Daily Mail