CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြားထဲတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချင်းချင်း စစ်ရေး ပဋိပက္ခဖြစ်ပွားရ သည့် အကြောင်းရင်းသည် မည်သည့် အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသလဲဆိုသည်ကို စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူများအကြား သုံးသပ်မှုများရှိနေကြသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် တအာင်းတပ် (TNLA)နှင့် ကိုးကန့်တပ် (MNDAA) တို့ကြား နှစ်ဖက်တပ်ဖွဲ့ အချင်းချင်း နယ်မြေအငြင်းပွားမှု ပြဿနာများ ဖြစ်ပွားခဲ့ကြပြီးနောက် မတ်လ ၁၄ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အလားတူ MNDAA နှင့် KIA ကြားလည်းကောင်း၊ KIA နှင့် TNLA ကြားလည်းကောင်း၊ SSPP နှင့် TNLA ကြား လည်းကောင်း၊ KIA နှင့် SNA ကြားလည်းကောင်း၊ AA နှင့် CNF ကြားလည်းကောင်း၊ CNF နှင့် ZRA ကြား လည်းကောင်း နယ်မြေ အငြင်းပွားကာ စစ်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

MNDAA-AA-TNLA ခေါင်းဆောင်တွေကို တွေ့ရစဉ်
ထိုသို့ ဖြစ်ပွားရသည့် အခြေခံ အကြောင်းတရားသည် နဂိုကတည်းက စစ်ရေးကို ဦးစားပေးခြင်းကြောင့် ဖြစ် ကြောင်း၊ နယ်မြေ အငြင်းပွားမှု ဖြစ်ပွားရာမှ မိမိတို့ အချင်းချင်း ပြန်လည်တိုက်ခိုက်သည့် အနေအထားမျိုးထိ ဖြစ်လာကြောင်း၊ ၎င်းတို့ကြားထဲတွင် နိုင်ငံရေးသဘောတူညီချက် ထားရှိရန် လိုအပ်သည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြဿနာရှိတာကို ဘာပြဿနာပဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့လိုတယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ နေရာမှာလည်း မူရှိရမှာပေါ့။ နှစ်ဖက်သဘောတူတဲ့ မူမျိုးရှိရမှာပေါ့။ ဒီလိုမူမျိုး မရှိဘဲနဲ့ ကျနော်တို့က စကတည်း က စစ်ရေးကို နံပါတ်တစ် ထားခဲ့တယ်။ အဲဒီတော့ နံပါတ်တစ် ထားခဲ့တဲ့အခါကျတော့ ကိုယ်သိမ်းလို့ရတဲ့ နေရာက ကိုယ့်နေရာ ကိုယ့်ပိုင်နက် အဲဒီလိုမျိုး ဖြစ်တဲ့အခါကျတော့ အစတုန်းက ကိုယ်နဲ့ဖြစ်တာက တပ်မတော်နဲ့ဖြစ်တာ။ နောက်လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ့်အချင်းချင်း ဖြစ်လာတာပေါ့။ ဒါ ငါ့ပိုင်နက် သူ့ပိုင်နက်ဆိုတာမျိုး ဖြစ်လာတာပေါ့။။ ဒီလိုမျိုး မဖြစ်အောင်ဆိုရင် အရင်ဆုံးကတော့ နိုင်ငံရေး သဘောတူညီချက်တို့ လုပ်ထားဖို့သင့်တယ်။ နိုင်ငံရေး သဘောတူညီချက်ဆို ငါတို့က ဘာအတွက် တိုက်နေတာလဲ။ တိုက်လို့ရလာပြီဆိုရင် ဒီနယ်မြေကို အုပ်ချုပ်တာ ဟာ ဘာစနစ်နဲ့ အုပ်ချုပ်မလဲ။ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်မလား ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မလား စသည်ဖြင့် သဘောတူညီဖို့ လိုပါတယ်။ အဲဒီလိုမျိုး သဘောတူညီမှု မရှိဘူးဆိုရင် ဒီလိုမျိုးဖြစ်ရမှာက ဒါကရှောင်လွှဲလို့ မရတဲ့ ဟာပဲ။ ဒီနေ့တောင်မှ EAO ခေါင်းဆောင် တစ်ဦးကပြောတာ ကြားပါတယ်။ သူက တောင်ပိုင်းဘက်ကပေါ့နော်။ ကျနော်တို့ တောင်ပိုင်းက အဖွဲ့တွေလည်း ဒီလိုပဲ။ ကျနော်တို့ဟာ နိုင်ငံရေးအရ သဘောတူညီချက် ကောင်း ကောင်း မရဘူးဆိုရင် ဒီလိုမရဘဲနဲ့ စစ်သွားတိုက်ရင် နောက်ဆုံးကျတော့ ကျနော်တို့ အချင်းချင်း ပြန်တိုက်ရမှာပဲ လို့ ပြောတယ်။ ဒီလိုမျိုးတိုက်ဖို့ မဖြစ်အောင်ဆိုရင် နိုင်ငံရေးသဘောတူညီချက် ကောင်းကောင်းရဖို့လိုတယ်” ဟု ပြောသည်။
လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေရသည့် အကြောင်းတရားသည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာသည့် နိုင်ငံရေးယဥ်ကျေးမှု ပျောက်ကွယ်နေခြင်းကြောင့် ယခုကဲ့သို့ အကျိုးဆက်များ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လူမျိုးစုများကို တွေ့ရစဉ်
၎င်းက “တိုင်းရင်းသား လက်နက်ကိုင်ပဲဖြစ်ဖြစ် တခြားသော တိုင်းရင်းသားမဟုတ်တဲ့ လက်နက်ကိုင်ပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရဲ့ အရင်းခံ အကြောင်းတရား နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို တည်ဆောက်ပြီးတော့ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုတာ တစ်ချိန် တုန်းက အဲဒီလိုမျိုး သဘောတူခဲ့ဖူးတာရှိတယ်။ အဲဒီလိုမျိုး နားလည်မှု တူခဲ့ဖူးတာရှိပါတယ်။ ဆိုတော့ကာ ခုနက ဘာကြောင့်လဲလို့ ပြောရင်တော့ ကျနော်တို့နိုင်ငံမှာ စစ်ရေးဘောင်က အရမ်းကို ကြီးမားကျယ်ပြန့်နေတယ်။ ကျနော်တို့ ပြောနေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုပဲ ပြောပြော၊ ဒီစကားပြောတဲ့ အစဉ်အလာ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာတဲ့ အဲဒီနိုင်ငံရေး ယဉ်ကျေးမှုအသစ် ပျောက်ကွယ်နေလို့ပဲ ဒါ ဒီလိုမျိုး အကျိုးဆက်တွေ ဖြစ်ပေါ်လာတယ်လို့ပဲ ကျနော့် အနေနဲ့ကတော့ ပြောချင်ပါတယ်။ ဘယ်သူက ဘယ်သူ့ကြောင့်ဆိုပြီး ပြောတာထက် ကျနော်တို့နိုင်ငံရဲ့ ပကတိရှိနေတဲ့ အခြေအနေပေါ့။ ပကတိ အခြေအနေက ခုနက သာမန် အခြေအနေ မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်း။ ဒီအခြေအနေ တစ်ခု အောက်မှာကတော့ ဒါ ကျနော်တို့ ခုနကပြောတဲ့ ကိစ္စရပ်မျိုးတွေကတော့ ဖြစ်တတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထလည်း ရှိတတ်ပါတယ်။ ဒါက ကျနော်တို့ ဘယ်လိုမှ လွန်ဆန်လို့မရတဲ့ ပကတိ အရှိတရားပဲဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားလာသည်မှာ ၁၉၄၈ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ ဖြစ်သည်။
လက်ရှိမှာလည်း လက်နက်ကိုင် ပဋိပက္ခများသည် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေပြီး ပြည်သူလူထု ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသလို လူနေအိမ်များနှင့် အဆောက်အအုံများ သိန်းချီ မီးလောင် ပျက်စီးလျက် ရှိသည်။
