CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇
လက်နက်ကိုင်များအနေဖြင့် လက်နက်စွန့်၍ နိုင်ငံရေးထဲဝင်ပြီး လာဆွေးနွေးကြရန် မူဝါဒကို မြန်မာ့တပ်မတော်က ကိုင်ဆွဲပြီး ဆက်လက် ဖိတ်ခေါ်နေဦးမည်ဆိုပါက မလာစေချင်သည့် သဘောရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပါဝင်လုပ်ဆောင်နေ သူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် နှုတ်ဖြင့် ဖိတ်ခေါ်နေခဲ့သော်လည်း လက်ရှိ အချိန် ထိ မအောင်မြင်ကြောင်း ၎င်းက ပြောသည်။
ဦးခွန်းဆိုင်က “ကျနော့် အနေနဲ့ကတော့ ဒီလိုမျိုး ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာ ခင်ဗျားတို့ ကျနော့်ဆီကိုလာကြ၊ လာဆွေးနွေးကြ၊ လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်ကြ၊ ပါတီနိုင်ငံရေး ဝင်ကြဆိုရင်တော့ ဒါဟာ အရင် တုန်းက လုပ်ခဲ့တာရှိတယ်။ လုပ်ခဲ့တာကလည်း မအောင်ဘူးဆိုတာကို မြင်လာခဲ့ပါတယ်။ မအောင်ဘူးဆိုတာကို မြင်လာရဲ့သားနဲ့ ဆက်လက်ပြီးမှ ဒီစကားမျိုးကို ပြောမယ်ဆိုရင် မလာစေချင်လို့ပဲ ဖြစ်မှာပေါ့။ အဲဒီတော့ ဒီလိုမျိုး မဟုတ်ဘဲနဲ့ လာချင်အောင် လုပ်ရမှာဖြစ်တယ်။ လာချင်အောင်လုပ်တဲ့ နည်းတစ်နည်းတစ်ခုကတော့ တရုတ် စကားပုံမှာ ရှိပါတယ်။ နီးတဲ့လူကို စိတ်ချမ်းသာအောင်လုပ်ပါ၊ ပျော်အောင်လုပ်ပါ။ ဒါဆိုရင် ဝေးတဲ့သူက လာပါ လိမ့်မယ်။ နေပြည်တော်နဲ့နီးတဲ့ လူတွေက ဘယ်သူတွေလဲ၊ ဒီပါတီတွေ၊ CSO တွေ၊ NCA လက်မှတ်ထိုးပြီးတော့မှ အခုထိ မတိုက်သေးတဲ့ ၇ ဖွဲ့တွေ သူတို့အတွက် ငါသူတို့ပျော်အောင် ဘယ်လိုလုပ်ပေးနိုင်သလဲဆိုတာ စဉ်းစားဖို့လို တယ်။ သူတို့ပျော်တယ်ဆိုရင် ဘေးက အဝေးက အဖွဲ့တွေကလည်း သူတို့ကြည့်မှာ။ နေပြည်တော် တကယ်လုပ် သလား။ သူတို့ အပြောချည်းပဲ မဟုတ်ဘူး။ သူတို့နဲ့ ဆွေးနွေးတဲ့၊ သူတို့နဲ့မတိုက်တဲ့ အဖွဲ့တွေ၊ ပါတီတွေ၊ CSO တွေ ကို ပျော်ရွှင်အောင် ထားပါလား၊ စိတ်ချမ်းသာအောင် ထားပါလား၊ အခွင့်အရေးတွေ ပေးပါလားဆို ကျန်တဲ့အဖွဲ့ တွေလည်း လာဆွေးနွေးဖို့ မခက်ပါဘူး” ဟု ပြောသည်။
NUG ခေါင်းဆောင် တချို့ကို တွေ့ရစဉ်
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသာ ပါဝင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နှင့် ဆွေးနွေးရန် မရှိကြောင်း မြန်မာ့တပ်မတော်ဘက်က ပြောကြားခဲ့သည်။
သို့သော် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ကြောင်း နစကဘက်မှ ကြေညာခဲ့သည်။
ထို့ပြင် PDF အပါအဝင် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၊ တိုင်းရင်းသား လက်နင်ကိုင်များအတွက် ငြိမ်းချမ်း ရေး လမ်းဖွင့်ထားကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်မှာ ပြောကြားခဲ့သည်။
လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ် ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားသို့ စာချုပ်ရေးဆွဲစဉ်က ပါဝင်ခဲ့သည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့(EAO) ခေါင်းဆောင်များကို ဖိတ်ကြားရန် ရှိကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ် များထံက သိရသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
NCA ကို လက်ရှိနိုင်ငံရေး အခြေအနေမှာ မည်သို့ အသုံးပြုနိုင်မည်ဆိုသည်က ပို၍ အရေးကြီးကြောင်း ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီကိစ္စကို နှစ်ဖက်ဆွေးနွေးတဲ့ လူတွေက ဒါကို ပြောကြမယ်လို့ ထင်ပါတယ်။ သူတို့ပါဝင်နိုင်မယ့် နည်း လမ်းကိုလည်း ပြောကြမယ်လို့ ထင်ပါတယ်။ အဆုံးသတ်မှာတော့ ဘာလဲဆိုတော့ ပါဝင်ဖို့ သူတို့ဖိတ်မလား၊ မဖိတ်ဘူးလား တစ်ချက်ပေါ့။ ဖိတ်ပြီဆိုရင်လည်း သူတို့ကိုယ်တိုင် လာမလား၊ မလာဘူးလားက တစ်ချက်ပေါ့။ သို့သော်လည်းပဲ NCA နှစ်ပတ်လည် လုပ်တယ်ဆိုတာ အရင် ၁၀ နှစ်က လက်မှတ်ထိုးလာခဲ့တဲ့ အကြောင်းကိုပဲ ပြန်လည်ဂုဏ်ယူ၊ ပြန်လည် စားမြုံ့ပြန်တာက အရေးကြီးတယ်။ သို့သော်လည်း ဒီထက်အရေးကြီးတာက NCA ကို အခုလက်ရှိ အခြေအနေမှာ ကျနော်တို့ ဘယ်လို အသုံးပြုနိုင်မလဲဆိုတာက ပိုပြီးတော့မှ အရေးကြီးတယ်။ အဲဒါ ကြောင့်မို့လို့ ဒီကိစ္စကိုလည်း သူတို့ ဆွေးနွေးကြလိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်ပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ရွေးကောက်ပွဲ မတိုင်ခင်ကာလ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနီးပါး စုစည်းနိုင်ရေးမှာ လက်ရှိ အခြေအနေအရ မလွယ်ကူကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ မတိုင်ခင်မှာ တစ်ဖွဲ့ချင်းဖြင့် လုပ်သွားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဖိုရမ်များ ပြုလုပ်သည့်အခါတွင် NCA လက်မှတ်ထိုးထားသည့် ၇ ဖွဲ့ဖြင့်သာ ပြုလုပ်လျက်ရှိသည်။