CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇
တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်မှ ဒီမိုကရေစီအစိုးရ ပေါ်ထွက်လာမည်ဟု နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသူ/သားများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ ဒီမိုကရေစီကျကျ သိက္ခာရှိသော၊ လွတ်လပ်သော၊ တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်မှလည်း သိက္ခာရှိသည့် လွှတ်တော်၊ သိက္ခာရှိသည့် ပြည်သူအများစုက ရွေး ချယ်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီအစိုးရ ပေါ်ထွက်လာမည်ဖြစ်ပြီး အဆိုပါ အစိုးရကပင် မိမိတို့ လိုရာခရီးဖြစ်သည့် ဒီမိုကရေစီပန်းတိုင်ဆီ အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်မှာ ဖြစ်ကြောင်းကို မိမိတို့ ပြည်သူများအားလုံး၊ အဖွဲ့အစည်းများ အားလုံးက သိရှိနားလည်ကြရန် အရေးကြီးသည်”ဟု ပြောသည်။
အစိုးရနှင့် မိဘပြည်သူများဘက်က ရွေးကောက်ပွဲနှင့် ပတ်သက်၍ အပြုသဘောဆောင်စွာ ကြိုးပမ်းနေချိန်တွင် ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်နေသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များလည်း ရှိကြောင်း၊ ယင်းတို့သည် မိမိတို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမည်ကို မလိုလားသည့် နှောင့်ယှက် ဖျက်ဆီးမှုများပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။
KNU ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
အဆိုပါ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု လက်နက်ကိုင်အဖွဲ့အစည်းတချို့၊ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက ထုတ်ပြန် ကြေညာထားသည်။
မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူ၍ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် ထုတ်ပြန်ထားသည်။
မြန်မာ့တပ်မတော်က ရွေးကောက်ပွဲ ကျင်းပရန် ကြိုးစားခြင်းသည် ASEAN ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် မျက်ကွယ်ပြုခြင်းဖြစ်ပြီး စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ ဖြစ်သည့် အတုအယောာင် ရွေးကောက်ပွဲသာဖြစ်၍ နိုင်ငံရေးပါတီများက အဆိုပါ အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင် ခြင်းသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် တည်ဆောက်မှုအတွက် အဟန့်အတား ဖြစ်စေသည်ဟု KNU က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။
NUG ခေါင်းဆောင်တချို့ကို တွေ့ရစဉ်
အလားတူ မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေကြသည့် PDF များကလည်း မြန်မာ့တပ်မတော်က ကျင်းပမည့် ရွေး ကောက်ပွဲတွင် ပူးပေါင်း ပါဝင်သူများကို အရေးယူသွားမည်ဟု ထုတ်ပြန်ထားကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် NLD ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ လက်နက်ကိုင်များ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီတချို့ တို့က ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီးနောက် လက်နက်ကိုင် နည်းလမ်းဖြင့် ဖြုတ်ချရန် ကြိုးပမ်းခဲ့ သည်။
အဆိုပါ အခြေအနေများအတွင်းတွင် မြန်မာ့တပ်မတော်က ရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရသည့် နိုင်ငံရေးပါတီ ကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးသွားမည်ဟု ကြေညာထားသည်။