CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆

မြန်မာနိုင်ငံကနေ ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မဲဆန္ဒရှင်များ ရွေးကောက်ပွဲတွင် မဲပေးလို ပါက ကိုယ်ရေးအချက်အလက်များ ဖြည့်ခိုင်းခြင်းအား စိုးရိမ်စရာမလိုကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။

ပြည်ပနိုင်ငံများကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အနေနှင့် ကြိုတင်မဲ ပေးနိုင် ရေးအတွက် ကိုယ်ရေးအချက်အလက်များ ဖော်ပြပြီး သက်ဆိုင်ရာသံရုံးများကို ပေးပို့တောင်းဆိုရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ထားသည်။

နိုင်ငံခြားရောက်သည့်သူများ ရွေးကောက်ပွဲအတွက် အချက်အလက်ပေးရန် ကြောက်စရာမလိုကြောင်း၊ နိုင်ငံခြား ရောက်နေသည့်သူကို အစိုးရက ခေါ်စစ်မှုထမ်းခိုင်းမှာ မဟုတ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဟိုဟာပေါ့ ကြိုတင်မဲလို့ပြောရင်တော့ တောက်လျောက် ဒီလိုပဲ လုပ်လာတာလေ နိုင်ငံခြားရောက်တဲ့ သူတွေတော့ ပုံစံ ၁၅ ဖြည့်ပြီးတော့ မဲပေးချင်တဲ့သူတွေကတော့ အချက်အလက်တော့ ပေးရမှာပေါ့။ အချက် အလက် ပေးဖို့လည်း ကြောက်စရာမလိုဘူးလို့ ကျမ ယူဆပါတယ်။ နိုင်ငံခြားရောက်နေတဲ့ သူကိုတော့ အစိုးရက ပြန်ခေါ်ပြီး တော့မှ စစ်မှုထမ်းခိုင်းမှာ မဟုတ်ပါဘူး။ အခုလည်း တစ်လကိုမှ ၅၀၀၀ ပဲ ခေါ်တာလေ မြန်မာပြည်မှာ လူတွေ အများကြီး သန်းဆယ်ချီရှိတဲ့ အခါကြတော့လေ သွားတဲ့လူထက်စာရင် ဒီမှာနေတဲ့သူကတောင် ပိုပြီး စိုးရိမ် ရပါဦးမယ်။ အဲတာကတော့ ကြံဖန်ပြီး စိတ်ပူတာပါ။ နိုင်ငံခြားရောက်နေတဲ့ သူကိုတော့ အစိုးရက တကူးတကကြီး ခေါ်ပြီးတော့ စစ်မှုလာထမ်းလို့လည်း ပြောလို့မရပါဘူး ပြောမှာ မဟုတ်ပါဘူး”ဟု ပြောသည်။

မဲပေးရန်အတွက် မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ကိုင်ထားသူကိုတွေ့ရစဉ် (ပုံ-ဖရွန်းတီးယားမြန်မာ)

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)အား မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့နောက် ပြည်ပရောက် မဲဆန္ဒရှင်များ မဲပေးလိုပါက ကိုယ်ရေး အချက်အလက်များ ဖြည့်စွက်၍ ရောက်ရှိနိုင်ငံမှ မြန်မာသံရုံးများထံ သွားရောက်ကာ မဲပေးနိုင်သည်။

မိမိက ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ မြန်မာပြည်မှာရှိနေသည့် မိသားစုက ဘယ်သူဘယ်ဝါ ဆိုသည်ကို ယခုချိန် တွင် ဖော်ပြရန် စိုးရိမ်ကြကြောင်း တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ အလုပ်သမားရွှေ့ပြောင်းနေထိုင်သူများ ကူညီ ထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်အခေါက်တွေ ရွေးကောက်ပွဲတုန်းကလေ ကိုယ်ရေး အချက်အလက်တွေ ဖြည့်ရတယ် ပေါ့ဆိုတော့ ကျနော်ထင်ပါတယ်။ ကိုယ်ရေး အချက်အလက် မဖြည့်ဘဲနဲ့တော့ မဲဆန္ဒရှင် မဲပေးတဲ့ လက်မှတ်ကို တော့ ဘယ်လိုမှ ထုတ်ပေးလို့ရမှာ မဟုတ်ဘူးပေါ့ဆိုတော့ ကိုယ်ရေးအချက်အလက်ကို ကိုယ်က မဖော်ပြချင်ရင် တော့ မဲမပေးဖို့ဘဲ ရှိတာပေါ့။ အဲဒါလည်း စိုးရိမ်စရာရှိတာပဲလေ။ မိမိက ဘယ်သူဘယ်ဝါ ဖြစ်ပါတယ်။ ဘယ် နေရာမှာ ရောက်နေပါတယ်။ မြန်မာပြည်မှာရှိနေတဲ့ မိသားစုက ဘယ်သူဘယ်ဝါ ဆိုတာကို ဒီချိန်မှာ ဖော်ပြဖို့ အတွက်ကို ကာယကံရှင်တွေ စိုးရိမ်ကြောင့်ကြမှု ရှိရင်လည်း ရှိနိုင်စရာ အဓိက အခြေအနေဖြစ်နေတာကို။ ဒီချိန်မှာ ကိုယ်ရေး အချက်အလက် ဖြည့်ရတာအပေါ်မှာ စိုးရိမ်မှုတွေ ဖြစ်တယ်ဆိုတာကတော့ မှန်တာပေါ့။ ဒီခေတ် ဒီအခါမှာကတော့ အာမခံချက်ဆိုတာကတော့ အပြည့်အဝကြီး မရှိဘူးပေါ့။ စိုးရိမ်တဲ့လူတွေကလည်း စိုးရိမ်နေမှာပဲ မစိုးရိမ်ပါနဲ့လို့ ပြောနေတဲ့ လူတွေကလည်း ပြောနေမှာပဲ။ တကယ်တမ်း ပကတိဖြစ်နေတဲ့ အခြေ အနေတွေကတော့ အားလုံးက မြင်သိနေတာဆိုတော့လေ။ အားလုံးကတော့ ကတိတွေကတော့ ပေးကြမှာပဲပေါ့။ ကာယကံရှင်တွေကပဲ ချိန်ဆကြရမှာပေါ့။ အာမခံချက်ပေးဖို့ ဆိုတာကတော့ တိုင်းပြည်ကလည်း တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးတွေ စီမံခန့်ခွဲမှု စနစ်တွေကလည်း ခိုင်မာအုန်းမှပေါ့”ဟု ပြောသည်။ 

မဲပေးရန် စာရင်းသွင်းနေစဉ် 

မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း၍ လူငယ်များကို စစ်မှုထမ်း ဆင့်ခေါ်နေခြင်းကြောင့် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ပြည်တွင်းကနေ ထွက်ခွာနေကြသည်။

အလားတူ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို မဲမပေးကြရန်နှင့် ပူးပေါင်း ပါဝင်မှု မလုပ်ကြရန်လည်း အဖွဲ့အစည်း ပေါင်းစုံက တိုက်တွန်းနေသလို ပူးပေါင်းပါဝင်သူများကိုလည်း အရေးယူမည်ဟု ထုတ်ပြန်နေခြင်း ကြောင့် လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်နေကြသည်။

ထို့ကြောင့် ပြည်ပရောက် မဲဆန္ဒရှင်များသည် မဲပေးချင်သော်လည်း ကိုယ်ရေး အချက်အလက်များ ဖြည့်စွက်ရမည် ကို စိုးရိမ်နေကြသည်။