CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃

ထိုင်းရှိ မြန်မာရွှေ့ပြောင်းများအားလုံး ယခင်ထက် ပိုမို သတိပြုနေထိုင်ကြရန် ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရွှေ့ပြောင်းအလုပ်သမားများအပေါ် ကန့်သတ်မှုများပြုလုပ်ရန် အချက် ၈ ချက် ပါဝင်သည့် တောင်းဆိုမှုကို ထိုင်းနိုင်ငံရှိ အမျိုးသားရေးအဖွဲ့အစည်းသုံးဖွဲ့မှ ထိုင်းအစိုးရထံသို့ တင်ပြခဲ့ကြကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုအဖွဲ့အစည်းများ တောင်းဆိုမှုသည် ဥပဒေလမ်းကြောင်းအရနှင့် နိုင်ငံတကာစံနှုန်းများအရ မဖြစ်နိုင်သော်လည်း ရွှေ့ပြောင်း လုပ်သားများအပေါ် ထိုင်းအစိုးရပိုင်းမှလည်းကောင်း၊ ဒေသခံပြည်သူများမှလည်းကောင်း တစ်စုံတစ် ရာ ဖိအားပေးမှုများရှိလာနိုင်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီတောင်းဆိုချက်မှာ ၈ ချက်လောက်ပါတာ တွေ့ရတာပေါ့။ ကလေးမွေးတဲ့ကိစ္စတွေ၊ ‌ကျောင်းနေတဲ့ ကိစ္စတွေ၊ ပတ်စပို့ ဗီဇာကိစ္စတွေ၊ တော်တော်များများက အဲဒီမှာပြန်ကြည့်မယ်ဆိုရင် ဥပဒေလမ်းကြောင်းအရ လည်း မဖြစ်နိုင်ဘူး။ ဥပဒေလမ်းကြောင်းအရ ဖြစ်နိုင်ရင်‌တောင်မှ နိုင်ငံတကာစံနှုန်းအရ မဖြစ်နိုင်ဘူး။ နိုင်ငံတကာ စံနှုန်းအရ ပြန်ကြည့်ပြန်ရင်လည်း မဖြစ်နိုင်ဘူး။ သို့သော်လည်း ကျနော့်အနေနဲ့ သုံးသပ်မိတာ အဲဒီအချက်အလက် တွေက သူတို့အစိုးရကို အဓိကသတိပေးတဲ့ ပုံစံမျိုးပေါ့။ ဒေသနေရာ အသီးသီးမှာ မြန်မာနိုင်ငံသားတွေ ဈေးရောင်း လာတဲ့ ပုံစံမျိုးတွေ၊ စီးပွားရေး လုပ်လာတဲ့ပုံစံမျိုးတွေ၊ နောက် ဆိုရှယ်မီဒီယာကို အသုံးပြုပြီးမှ စီးပွားရေး လုပ်လာ တဲ့ ပုံစံမျိုးတွေကို တားဆီးဖို့အတွက် သတိပေးတဲ့ ပုံစံမျိုးတွေပေါ့။ သို့သော်လည်း နိုင်ငံတော်အစိုးရအနေနဲ့က သူ့နိုင်ငံသားတွေ တိုင်ကြားမှုတွေရှိလာရင် တချို့ဟာတွေ လုပ်ပြတဲ့ ပုံစံမျိုးတွေ ဖြစ်လာနိုင်ခြေရှိတယ်”ဟု ပြော သည်။

ထိုင်းအာဏာပိုင်များက ဖမ်းဆီးနေစဉ်

ထိုင်းနိုင်ငံရှိ အမျိုးသားရေး အဖွဲ့အစည်းသုံးဖွဲ့၏ တောင်းဆိုမှုတွင် အလုပ်လုပ်ခွင့်ပါမစ်အား ရက် ၉၀ သာ ခွင့်ပြု ပေးသင့်ပြီး ထိုသက်တမ်းပြည့်ပါက မိခင်နိုင်ငံသို့ ပြန်ပြီးမှသာ ထိုင်းသို့ ပြန်လည်ဝင်ရောက်စေရန်၊ နိုင်ငံမတည်ငြိမ် မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ရွှေ့ပြောင်းအမျိုးသမီးများကို ကိုယ်ဝန်ဆောင်ခွင့် မပြုရန်၊ ကိုယ်ဝန်ရရှိခဲ့ ပါက မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် အချက်များ ပါဝင်သည်။

ထို့အပြင် ထိုင်းနိုင်ငံသား ခံယူခွင့်များနှင့် ပတ်သက်၍လည်း ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုထားသေးသည်။

၎င်းတို့၏ တောင်းဆိုမှုသည် လူ့အခွင့်အရေးအရ ကြည့်ပါက မဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။

ထိုအဖွဲ့အစည်းများ၏ တောင်းဆိုမှုတွင် ရွှေ့ပြောင်းအလုပ်သမားများဟု သုံးနှုန်းထားသော်လည်း မြန်မာနိုင်ငံသား များကို အဓိက ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများသည် ထိုင်းဥပဒေကို သေချာနားမလည်ကြ ဘဲ လုပ်ချင်သလို လုပ်ကိုင်နေကြကြောင်း ထောက်ပြကြသည်။

ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်းသည် လက်ရှိ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အနေအထိုင် မတတ်မှုများ ကြောင့် ပေါင်းစပ်ပြီးဖြစ်လာကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းမှာ ပန်းရံလုပ်နေသူကို တွေ့ရစဉ်

၎င်းက “လတ်တလော အခြေအနေတွေမှာ ကျနော်တို့ နိုင်ငံသားတွေရဲ့ အပြုအမူ အပြောအဆို နေထိုင်မှုတွေ ကျစ်ကျစ်လျစ်လျစ် မရှိတဲ့အတွက်ကြောင့် သူတို့ဘက်ကလည်း အမျိုးသားရေး အစွန်းရောက်တွေပေါ့ ဝေဖန် ထောက်ပြ ပြောဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတယ်။ ပြောချင်တာကတော့ ကျနော်တို့နိုင်ငံသားတွေ သတ်မှတ်ထားတဲ့ ခွင့်ပြုထားတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ကျော်ပြီးတော့မှ လုပ်ကိုင်တာတွေ၊ နောက် စီးပွားဥစ္စာတွေ ဖြစ်ပေါ်လာတာတွေ သိုသိုသိပ်သိပ် မနေဘဲနဲ့ ထုတ်ဖော်ကြွားဝံ့တာတွေ၊ နောက် မသိကျေးကျွန်ပြု ပြီး အလိုက်အထိုက် ခွင့်ပြုထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက မွေးဖွားလာတဲ့ သားသမီးတွေကို ပညာသင် ကြားပေးတာတွေကို ပေါ်ပေါ်ထင်ထင် လူမှုကွန်ရက်စာမျက်နှာမှာ၊ ဒါမှမဟုတ် Live လွှင့်တာတွေ လုပ်ပြီးမှ မြန်မာနိုင်ငံတော် အလံတွေလွှင့်တင် သီချင်းတွေဆိုတာတွေ အကြောင်းတရားတွေက ပေါင်းစပ်လာတယ်လို့ သုံးသပ်မိပါတယ်” ဟု ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဘန်ကောက်မြို့တော်ဝန်မှ ဘန်ကောက်မြို့ရှိ လမ်းဘေးဈေးရောင်းချခြင်း အား ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ရမည်ဖြစ်ပြီး အကူအလုပ်သမားများမှာလည်း ထိုင်းနိုင်ငံသားများကိုသာ ခန့်အပ်ရမည်ဟု ထုတ်ပြန်ထားသည်။

ထိုင်းအာဏာပိုင်များမှ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ ယခုနောက်ပိုင်း ပိုမိုတင်းကြပ် လာနေသဖြင့် မြန်မာရွှေ့ပြောင်းများ၏ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာကြသည့် အလုပ်အကိုင်များမှာလည်း ရှားပါးလာနိုင် ကြောင်း ထောက်ပြကြသည်။