CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀

ရေကြီးရေလျှံမှုကြောင့် နိုင်ငံတစ်ဝှမ်း၏ စိုက်ခင်းဧကပေါင်း သိန်းချီပျက်စီးသွားသဖြင့် ပြည်ပသို့ ဆန်တင်ပို့မှု အပေါ် အစိုးရမှ မူဝါဒချမှတ်ကာ ထိန်းသိမ်းလုပ်ဆောင်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေး အကြံပေးများက CNI သတင်းဌာနသို့ ပြောသည်။

ထိုစိုက်ခင်းများ ပျက်စီးသွားမှုသည် လက်ရှိ တင်ပို့ရမည့် ဆန်ဈေးကွက်အပေါ် သက်ရောက်မှု မရှိသော်လည်း လာမည့် လပိုင်းအတွင်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု လက်ရှိဖြစ်သွားတဲ့ အခြေအနေက လက်ရှိပို့ရမယ့် ဆန်ဈေးကွက်ပေါ်တော့ မထိခိုက်နိုင်သေးဘူး။ နောင် ၆ လ၊ ၇ လအတွင်းမှာတော့ ဒါထိခိုက်လာလိမ့်မယ်။ အခုစိုက်ထားတဲ့ မိုးစပါးတွေက ရိတ်သိမ်းမယ်၊ ခြွေလှည့်မယ်၊ ဈေးကွက်ထဲကိုပို့မယ်၊ ဒီအခြေအနေကနေ ပြည်ပကို ပို့မယ့်ဟာတွေ ဖြစ်လာနိုင်ရင်တော့ သေချာ တာကတော့ နောင် ၄၊ ၅၊ ၆ လမှာ ပြည်ပဆန်တင်ပို့မှုကို အစိုးရအနေနဲ့ မူဝါဒတစ်ခုနဲ့ control လုပ်ရမယ်။ ပျက်စီး သွားတဲ့ ရေနစ်မြှုပ်သွားတဲ့ စိုက်ဧကတွေကို ပြန်လည်ဖော်ဆောင်ဖို့အတွက် လုပ်ငန်းတွေ လုပ်နေသလို ပြည်ပကို ဆန်တင်ပို့မှုကို control လုပ်နိုင်မှသာ ပြည်တွင်းဆန်ဈေးကွက်ကလည်း တည်ငြိမ်မှုဖြစ်လာနိုင်တယ်” ဟု ပြော သည်။

ဆန်တင်ပို့နေစဉ်

ပြည်ပသို့ ဆန်တင်ပို့ရာတွင် နိုင်ငံခြားငွေ ရရှိသည့်အတွက် မတင်ပို့ဘဲ ရပ်တန့်ထားရန်မှာ မဖြစ်နိုင်ကြောင်း၊ သို့သော် လက်ရှိအနေအထားအရ နိုင်ငံအတွင်း စားနပ်ရိက္ခာ ဖူလုံရေးကိုသာ အဓိကဖြေရှင်းရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ထောက်ပြကြသည်။

ထို့အပြင် ပြည်ပဘက်မှလည်း ဆန်လိုအပ်ချက်များ ရှိနေသောကြောင့် ဝယ်လိုအား မလျော့သွားနိုင်သဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်သွင်းပြီးမှ ပြည်ပသို့ ဆန်တင်ပို့မှုအား လုပ်ဆောင်သင့်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လတ်တလောမှာကတော့ ဖြစ်သွားတဲ့ ကပ်ဘေးတွေအရတော့ ကိုယ့်နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုကိုပဲ ဦးစားပေး စဉ်းစားရမယ်လို့ထင်တယ်။ အခုလိုမျိုး အခြေအနေနဲ့ကတော့ ဆန်တင်ပို့ဖို့ဆိုတာက very challenging ဖြစ်သွားပြီလို့ ထင်တယ်။ နိုင်ငံခြားကို ထွက်ဖို့နေနေသာသာ ပြည်တွင်းမှာရော ဆန်ဖူလုံရဲ့လားဆိုတာက မေးခွန်း ထုတ်စရာ ဖြစ်လာမယ်။ နောက်တစ်ခုက အရင်တုန်းကဆို ကချင်ပြည်နယ်မှာ သူတို့ထွက်တဲ့ ဆန်ရှိတယ်၊ ရှမ်းပြည်နယ်မှာဆိုလည်း ရှမ်းဆန်ဆိုပြီး ထွက်တာရှိတယ်။ ဆိုတော့ အဓိကလိုအပ်ချက်ရှိနေတာက ဆန်မထွက် တဲ့ တခြားမြန်မာနိုင်ငံရဲ့ တိုင်းဧရိယာတွေက လိုအပ်ချက်များတာပေါ့။ အခုကအဲဒီလို မဟုတ်တော့ဘူး ရှမ်းပြည် မှာလည်း ရေကြီးတယ်၊ ကချင်ပြည်နယ်မှာလည်း ရေကြီးတယ်၊ အဲဒီမှာကတည်းက စပါးအထွက်နှုန်းတွေမှာ တော်တော်လေး ထိခိုက်လာခဲ့ပြီဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဆန်လိုအပ်ချက်က များမယ်ဆိုတာ ဒေတာမကြည့်ပဲ လည်း ပြောလို့ရတယ်။ ပြည်တွင်းစားသုံးမှု ဖူလုံမှုကို အဓိကဖြေရှင်းပြီးမှသာ နိုင်ငံခြားတင်ပို့တယ်ဆိုတဲ့ ကိစ္စတွေ က နောက်တစ်ခုလာမှာပေါ့” ဟု ပြောသည်။

 ရေကြီးမှုကြောင့် ကလောမြို့ ရေနစ်မြှုပ်နေစဉ်

ထို့အပြင် ဆန်သိုလှောင်ခွင့် မှတ်ပုံတင်ခြင်းကို ယခင်က ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းများနှင့်  ကုန်သည်ကြီးများ ကိုသာ မှတ်ပုံတင်ခိုင်းခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် မြန်မာတစ်နိုင်ငံလုံးရှိ ဆန်ဆိုင် အသေးစားများပါ သိုလှောင်ခွင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် သိုလှောင်ထားသည့် ဆန်ပမာဏကို စာရင်းအတိအကျ ရလိုခြင်းကြောင့်ဖြစ်ပြီး အရန် ဆန်ပမာဏနှင့် တွက်ချက်ကာ ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေးကို တွက်ချက် ချိန်ဆရန် ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။

ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလအထိ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ကို တင်ပို့ထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။