CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁

ယခုနှစ် မိုးစပါး စိုက်ရာသီတွင် ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် တောင်သူများကို မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ်က ကူညီထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၅ ထောင်ခန့် လျာထားကြောင်း သိရ သည်။

ရေကြီးနစ်မြုပ်မှုဒဏ် ကြုံတွေ့ခဲ့ရသည့် တောင်သူများကို မျိုးစပါး၊ ဓာတ်မြေဩဇာများ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပြီး စပါးအပြင် ပဲမျိုးစုံနှင့် တခြားသော သီးနှံများကို စိုက်ပျိုးနိုင်ရန်အတွက်လည်း ကူညီပေးသွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ လောလောဆယ်တော့ သိန်း ၅ ထောင်လောက် လျာထားပါတယ် ခင်ဗျ။ ဒီအပေါ်မှာ ထပ်ပြီးတော့ လိုအပ်ချက်ရှိရင်လည်း ထပ်ပြီးတော့ ရှာဖွေပြီးတော့ ဆောင်ရွက်သွားမှာပေါ့နော်။ အဓိကတော့ ကျနော်တို့က မျိုးတို့၊ မြေဩဇာတို့ပေါ့နော်၊ စပါးပြန်စိုက်လို့ရတဲ့နေရာက တော်တော်နည်းပါတယ်။ ဒါပေမယ့်လည်း တချို့ နေရာတွေမှာကတော့ သက်တမ်းတို စပါးမျိုး ပြန်စိုက်ဖို့ အစီအစဉ်တွေ ရှိကြတယ်လေ။ တောင်သူလယ်သမား တွေကလည်း စိတ်ဝင်စားတယ်ပေါ့နော်။ အဲဒီတော့ အဲဒီလို သက်တမ်းတို စပါး ပြန်စိုက်လို့ရတဲ့ နေရာတွေမှာ တော့ မျိုးတို့၊ မြေဩဇာတို့ကို ကျနော်တို့ ပံ့ပိုးကူညီဖို့ စီစဉ်နေပါတယ်။ နောက်တစ်ခုက ကျနော်တို့ စပါးပြန် မစိုက်တော့ဘဲနဲ့ မတ်ပဲတို့၊ အခြား ပဲတီစိမ်းတို့၊ နောက်တခါ ကျနော်တို့ ကုလားပဲတို့၊ နောက်တခါ ပဲပုတ်တို့ ဒီလို တခြားသီးနှံစိုက်ဖို့အတွက် ဆောင်ရွက်ဖို့ရှိတဲ့ အနေအထားမျိုးဆိုရင်လည်း ကျနော်တို့ အခြား သီးနှံစိုက်တဲ့ အနေအထားမှာ ကျနော်တို့ ချိတ်ဆက်ပြီးတော့ ကူညီပေးတာတွေ လုပ်ဖို့ စီစဉ်နေပါတယ်ခင်ဗျ” ဟု ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မျိုးစပါးနှင့် ဓာတ်မြေဩဇာများကို ပံ့ပိုးကူညီရာတွင် အခမဲ့သော်လည်း ကောင်း၊ သီးနှံပေါ်ချိန်မှသာ ပြန်လည်ဆပ်ကြရသည့် ချေးငွေဖြင့်လည်းကောင်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

တချို့သော တောင်သူများသည် မြန်မာ့စီးပွားရေးဘဏ်တွင် သီးနှံအာမခံစနစ်ဖြင့် လယ် ၁ ဧကလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် အာမခံထားကြသည့်အတွက် ပျက်စီးသွားသည့် လယ်ယာမြေများကို ၁ ဧကလျှင် ငွေကျပ် ၃ သောင်းနှုန်းဖြင့် ပြန်လည်ရရှိကြကြောင်း သိရသည်။

ရေကြီးမှုဒဏ်ကြောင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် တောင်သူများ စိုက်ပျိုးထားသည့် မိုးစပါးများ မရိတ်သိမ်း နိုင်တော့သည့်အပြင် သိုလှောင်ထားသည့် မျိုးစပါးများလည်း  ဆုံးရှုံးသွားကြကြောင်း သိရသည်။

ရေနစ်မြုပ်ပျက်စီးသွားသည့် ကနီမြို့နယ်ရှိ လယ်ယာစိုက်ခင်းတချို့ကို တွေ့ရစဉ်(ဓါတ်ပုံ-pyae aung naing facebook)

မိုးစပါးများ ပျက်စီးဆုံးရှုံးသွားသော်လည်း တောင်သူများအနေဖြင့် ဆောင်းသီးနှံတွင် ပြန်လည်၍ အကျိုးအမြတ် ရရှိရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ(ဟောင်း) ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“တိုင်းပြည်မှာ သိတဲ့အတိုင်းပဲ စီးပွားရေးအရလည်းပဲ ဘယ်လိုမှ ရပ်တည်လို့မရ။ ဒီကြားထဲမှာ သင့်မြတ်မှုမရှိလို့ တစ်ယောက်နဲ့တစ်ယောက် ချေမှုန်းနေကြတဲ့ အခြေအနေမှာ နစ်နာတာ စီးပွားရေး ပျက်စီးဆုံးရှုံးမှုက လောလော ဆယ် ဒီနှစ် ပျက်စီးသွားလို့ရှိရင် နောက်နှစ်စာ ပြန်ပြီးတော့ အခု ဆောင်းသီးနှံမှာ ပြန်ပြီးတော့ ပျိုးထောင်၊ ရှုံးသွား တဲ့ဥစ္စာတော့ ပြန်မရတော့ဘူးပေါ့။ တောင်သူဘဝကတော့ မလုပ်နိုင်စရာ အကြောင်း‌တော့ မရှိဘူး။ ဒါလေးက အကျိုးအမြတ်ရှိတော့ ဒီလိုပဲ ရှာဖွေပြီးတော့ လုပ်ကြရတာပါပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများကို လက်ရှိတွင် စာရင်းကောက်ယူလျက်ရှိပြီး မိုးကုန်ဆုံးချိန်တွင် ကူညီထောက်ပံ့မှုများ စတင်မည်ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ရေဘေးသင့်ခဲ့သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လုပ်ငန်းရှင်များအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်‌ပေးကြရန်အတွက်လည်း မေတ္တာရပ်ခံလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြား ထားသည်ကို တွေ့ရသည်။

နစကအနေဖြင့် ရေဘေးပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များထံမှ ငွေကျပ် ၄၂ ဒသမ ၇ ဘီလီယံ ရရှိထားကြောင်း သိရသည်။