CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁

အိမ်နီးချင်းနိုင်ငံများနှင့် နစက တို့အကြား နိုင်ငံရေး၊ စစ်ရေးနှင့် ကုန်သွယ်ရေးပိုင်းမှာ ဆွေးနွေးမှုများရှိလာသဖြင့် နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်နိုင်တော့မည်လားဟု စီးပွားရေးလေ့လာသုံးသပ်သူများအကြား ဆွေးနွေး မှုများရှိနေသည်။

တရုတ်မှ ရှမ်းမြောက်တိုက်ပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ဖိအားပေးမှု၊ အိန္ဒိယဘက်မှ နှစ်နိုင်ငံကုန်သွယ်ရေးတွင် ပြည်တွင်းငွေများသုံးစွဲရန် ဆွေးနွေးလာမှု၊ ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်ရှိ အာရှ လမ်းမကြီးအား ပြင်ရန် ထိုင်းဘက်မှ စီစဉ်နေမှုများကြောင့် ယခုကဲ့သို့ သုံးသပ်မှုများရှိလာခြင်းဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများမှာ ၎င်းတို့အကျိုးစီးပွားအတွက် နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းကြသော် လည်း တိုင်းပြည်မတည်ငြိမ်ပါက နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်နိုင်မည်မဟုတ်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးက လုပ်လို့မရရင် ဗမာရော အိမ်နီးချင်းနိုင်ငံတွေရော အကုန်လုံးနစ်နာတာပဲလေ စီးပွားရေး က။ ဒါကတော့ ယေဘုယျအားဖြင့်တော့ ကောင်းစေချင်ကြတာပေါ့။ ကောင်းချင်ကြတာပေါ့။ ကောင်းချင်ကြတယ် ဆိုတာ တစ်ခုရှိတာက အဲဒီနေရာတွေမှာ စစ်ပွဲတွေက ဖြစ်နေတာကို။ ဖြစ်နေတဲ့အခါကြတော့ ကောင်းချင်တယ် ဆိုတာက သက်ဆိုင်ရာ အဝန်းအဝိုင်းတွေလည်း ရှိသလို ဒေသခံလူတွေရဲ့ သဘောထားနဲ့ အမြင်တွေနဲ့ အခြေ အနေတွေနဲ့ကလည်း ဆိုင်သေးတာကို။ ဘာလို့ဆို သူတို့တွေက ဒီလမ်းတွေက မဖြတ်သန်းသွားလို့မှ မရဘဲနဲ့ ကုန်သွယ်မှုလုပ်လို့မှ မရတာကို။ အဓိကကတော့ သူတို့နဲ့နိုင်ငံရေးပြေလည်ဖို့ပဲ လိုပါတယ်။ ပြည်တွင်း equation ပြေလည်အောင်ရှင်းနိုင်ဖို့လိုတာပေါ့။ ပြည်တွင်း equation ပြေလည်သွားရင် ကျန်တာတွေက သူ့အလိုလို ဖြစ် သွားမှာပါ။ ဥပမာ လားရှိုးဆို ယေဘုယျအားဖြင့် ဒါရှမ်းနယ်မြေလေ။ ဒါကို ဒီဘက်က လားရှိုးသိမ်းထားပြီးသား အနေအထားကို လက်ခံပြီးတော့ ကုန်သွယ်ရေးကိုလုပ်မှာလားဆိုတဲ့ လူကြီးတွေရဲ့ အတွေးအခေါ်တွေနဲ့ပဲ ဆိုင်မှာ ပေါ့” ဟု ၎င်းက ပြောသည်။

ကော့ကရိတ်မြို့နယ် ရန်ကုန်-မြဝတီအပိုင်း အာရှလမ်းမပေါ်ရှိ ကုန်တင်ကားတစ်စင်းကို တွေ့ရစဉ်

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးလမ်းများ အားလုံး ရပ်တန့်လုနီးပါးဖြစ်နေသည့်အတွက် တရားမဝင် ကုန်သွယ်မှု များသာ အဓိက ဖြစ်ထွန်းနေကြောင်းလည်း သိရသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်ရေးရှိရာ ဒေသ အားလုံးနီးပါး၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ရယူ ထားသဖြင့် နစကအနေဖြင့် ၎င်းတို့နှင့် မည်သို့ ဆွေးနွေးညှိနှိုင်းမည်နည်းကိုလည်း မေးခွန်းထုတ်စရာရှိကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဒါ့အပြင် နိုင်ငံမတည်ငြိမ်ပါက စီးပွားရေးမည်မျှကောင်းမွန်ပါစေ အခက်အခဲ တစ်နေရာမဟုတ်တစ်နေရာ ကြုံရ မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“SAC က  တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဘယ်လိုဆွေးနွေးညှိနှိုင်းမှာလဲပေ့ါ။ ဘာလို့လဲဆိုတော့ အခုနယ်စပ် ကုန်သွယ်ရေးလမ်း‌ကြောင်း အားလုံးသည် တိုင်းရင်းသားလက်နက်ကိုင်တွေ ဟိုဟာဖြစ်ထားတဲ့နေရာ ဖြစ်နေတာ ပေါ့ တော်တော်များများက။ မြဝတီမှာဆို KNU တို့ရှိမယ်။ နောက် ဒီဘက်က ရှမ်းအဖွဲ့တွေ၊ KIA ဘာညာ ဟိုဘက် ဆိုလည်း MNDAA တို့ မြောက်ပိုင်းအဖွဲ့တွေ ရှိနေတယ်ပေါ့လေ။ ရှမ်းပြည်မြောက်ပိုင်း တစ်ခုလုံး မြောက်ပိုင်းအဖွဲ့ ရှိနေတဲ့အခါမှာ ဒီအဖွဲ့တွေနဲ့ အပစ်အခတ်နဲ့ သဘောတူညီမှုစာချုပ်တွေ မလုပ်နိုင်ဘူးဆိုရင်တော့ တရားဝင် လမ်း ကြောင်းဖွင့်ဖို့တွေကတော့ အရမ်းမလွယ်သေးဘူးပေါ့။  နိုင်ငံမတည်ငြိမ်ဘဲနဲ့တော့ ဘာမှ လုပ်လို့မရဘူး။ နိုင်ငံ မတည်ငြိမ်တဲ့အတွက်ကြောင့် စီးပွားရေးလည်း ဘယ်လောက်ပဲကောင်းကောင်း၊ ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ် မပြေနိုင်ဘူးပေါ့။ အခက်အခဲကတော့ တစ်နေရာမဟုတ် တစ်နေရာ ကြုံနေရမှာပဲ” ဟု ၎င်းကပြောသည်။
တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးဖြင့် ရွေးကောက်ပွဲဝင်ကြရန်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြရန် ပြီးခဲ့သည့်ရက်ပိုင်းက နစကမှ ထုတ်ပြန်ထားသည်။

၎င်းကိစ္စအပေါ် နိုင်ငံတကာ၊ အိမ်နီးချင်းနိုင်ငံများ၏ သဘောထားအမြင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ သဘောထားများအပေါ်မူတည်ကာ အကောင်း/ အဆိုး တစ်စုံတစ်ခု ပြောင်းလဲသွားနိုင်ဖွယ် ရှိကြောင်းလည်း သုံးသပ်ကြသည်။