CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀

တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား တွေ့ရှိပါက တိုင်ကြားနိုင်ပြီး အလုပ်ရှင်များမှ အထောက်အထား ပြည့်စုံမှသာ အလုပ်ခန့်အပ်ရန်နှင့် ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်း မထိခိုက်စေရေး အလေးထားဆောင်ရွက်ရန် ထိုင်းအစိုးရမှ ကြေညာထားသည်။

တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား တိုင်ကြားနိုင်ရန် အစိုးရမှ ထုတ်ပြန်ခြင်းသည် ယခင်ကလည်း ပြုလုပ် လေ့ရှိသည်။

သို့သော် လက်ရှိတွင် ထိုင်းနိုင်ငံသားအချို့နှင့် မြန်မာရွှေ့ပြောင်းတို့အကြား မကျေနပ်မှုများ ဖြစ်ပေါ်နေခြင်း ကြောင့် ပိုမိုဂရုစိုက်ရမည့် ကာလဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ် သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းများကို ထိုင်းက ဖမ်းနေစဉ်

၎င်းက “အဓိကကတော့ အထောက်အထားမဲ့ကို တိုင်ကြားနိုင်တယ်ဆိုတာက ဘယ်သူက တိုင်ကြားနိုင်လဲဆိုရင် ပတ်ဝန်းကျင်၊ ကိုယ်နဲ့အဆင်မပြေတဲ့သူ၊ ကိုယ့်ကို မလိုမုန်းထားရှိတဲ့ သူမျိုးတွေပေါ့ နောက်ပြီးတော့ အလုပ်ရှင် အဲဒါတွေက အဓိကတိုင်နိုင်တယ်။ ဒီကြားထဲမှာမှ မြန်မာ မြန်မာချင်း တိုင်တဲ့ဟာမျိုးတွေလည်း ရှိနိုင်တယ်။ တချို့ တွေဆို ဈေးရောင်းဘာညာ အလုပ်တွေ လုပ်ကြတယ်။ လုပ်ကြတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် စီးပွားဘက်လိုမျိုး ဈေးကွက်လုတယ်ပေါ့။ အဲဒီအခါကြ ဟိုဘက် အထောက်အထားမရှိတဲ့လူဆိုရင် ဒီဘက် အထောက်အထားရှိတဲ့လူက တိုင်တာတို့။ တချို့အကျင့်ဆိုးတဲ့ မကောင်းတဲ့ အလုပ်ရှင်တွေကတော့ အဲဒီလိုမျိုး ဟာတွေလုပ်တယ်။ အခုလည်း တွေ့နေရပါတယ်။ အရင်ကတည်းကရှိတယ် တိုင်တာတောတာတွေက။ လုပ်ခ ပေးခါနီးကျရင် ရဲတိုင်ပစ်လိုက်ရော။ ဘာလို့ဆို သူတို့ဘက်က အသာကြီး။ ကိုယ်တွေက အဲဒီလို အလုပ်ရှင်တွေကို မတွေ့ဖို့ အရေးကြီးတယ်။ ဒါပေမယ့် အခုကာလမှာတော့ ပိုပြီးဂရုစိုက်သင့်တာပေါ့။ ဘာလို့လဲဆိုတော့ မြန်မာ့ အရေးနဲ့ပတ်သက်ပြီးတော့ အခုဖြစ်တဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး အလုပ်ရှင်တွေအနေနဲ့ကလည်း သတင်းတွေ မြင်နေရတယ် ကြည့်နေရတယ်။ သဘောထားမကြီးတဲ့ အလုပ်ရှင်မျိုးဆိုရင် စိတ်ပြောင်းသွားနိုင်တယ်” ဟု ပြော သည်။

အထောက်ထားမဲ့နှင့် အလုပ်လုပ်ခွင့်ပါမစ် မရှိသည့် အလုပ်သမားများကို ထိုင်းဥပဒေအရ ငွေဒဏ် ဘတ် ၅၀၀၀ မှ ၅၀,၀၀၀ အထိ ချမှတ်နိုင်သည့်အပြင် ထောင်ဒဏ်လည်း ချမှတ်နိုင်သလို မူရင်း မိခင်နိုင်ငံသို့ ပြန်ပို့ခံရနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားအချို့၏ အမြင်၌ မြန်မာနိုင်ငံသားများမှ ၎င်းတို့၏ စီးပွားရေးကို လုယူသည်ဟု ရှုမြင်ကြ သဖြင့် ဆန္ဒပြခြင်း၊ တိုင်ကြားခြင်း၊  တောင်းဆိုခြင်းများ ပြုလုပ်လာကြသည်။

သို့သော် ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းအလုပ်သမားများဖြင့်သာ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေရသဖြင့် တိုင်ကြားသည့်ကိစ္စရပ် များပြားလာနိုင်ဖွယ်မရှိကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

၎င်းက “ထိုင်းလူမျိုးအများစုနဲ့ လေ့လာသုံးသပ်ကြည့်တဲ့အခါမှာ ဒါတွေက ထိုင်းတစ်နိုင်ငံလုံးရဲ့ သဘောထားဆန္ဒ မဟုတ်သလို လူတစ်စုရဲ့ အမြင်အာဘော်တွေပဲ ဖြစ်ပါတယ်။ အဲဒီတော့ အလွန်အကျွံများပြား လာစရာအကြောင်း တော့ သိပ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်က ဘာကိုသွားထောက်တာလဲဆိုတော့ ထိုင်းနိုင်ငံမှာ သူတို့ ဘယ်လိုပဲပြောပြော ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ကင်းရှင်းပြီးနေလို့မှမရတာ။ သူ့နိုင်ငံရဲ့ နိုင်ငံတကာကို တင်ပို့ နေတဲ့ ကုန်ထုတ်လုပ်မှုတွေ၊ သူ့နိုင်ငံရဲ့ စီးပွားရေအခြေအနေတွေက ရွှေ့ပြောင်းလုပ်သားတွေကိုပဲ မှီခိုအားထား နေရတဲ့ အတွက်ကြောင့် ဒီအမြင်တွေကို တော်တော်များများ ထိုင်းလူမျိုးစုတွေက လက်ခံထားပါတယ်။ လူနည်းစု သာလျှင် အဲဒီလိုမျိုး ရွှေ့ပြောင်းတွေနဲ့ပတ်သက်ပြီးမှ ဝေဖန်တာတွေ ထောက်ပြတာတွေ ဖြစ်ပါတယ်”ဟု ပြော သည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအား ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းက စတင်ကာ ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှုများကို ယခင်ထက် ပိုမိုတင်းကြပ် လုပ်ဆောင်လျက်ရှိသည်။

စက်တင်ဘာ ၅ ရက်မှ ၁၉ ရက်နေ့အထိ စက်ရုံ ၇၁၈ ရုံကို သက်ဆိုင်ရာအစိုးရအဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမား ၁၈၃၀ ဦးကို အရေးယူထားကြောင်း သိရသည်။

ထို့ကြောင့် ယခုတင်းမာမှုများ ဖြစ်နေသည့် ကာလအတွင်း မြန်မာနိုင်ငံသားများအနေဖြင့် ယခင်ကထက် ပိုမို ဂရုစိုက်ကြရန်နှင့် ဆိုရှယ်မီဒီယာများတွင် ကြွားဝါခြင်း၊ အလုပ်လုပ်ကိုင်ခြင်းများကို ထိန်းသိမ်းစွာ ပြုလုပ်ကြရန် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက အကြံပြုကြသည်။