CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ ဆန္ဒပြမှုများ၊ တောင်းဆိုမှုများ ရှိသော်လည်း ထိုင်းရှိ လုပ်ငန်းရှင်များမှ မြန်မာလုပ်သားများအား မခေါ်ယူဘဲ နေကြမည်မဟုတ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

လတ်တလောတွင် ထိုင်းနိုင်ငံသားအချို့နှင့် အမျိုးသားရေးအဖွဲ့အစည်းအချို့က မြန်မာရွှေ့ပြောင်း လုပ်သားများ နှင့်ပတ်သက်၍ ဆန္ဒပြခြင်း၊ တင်းကြပ်မှုများလုပ်ပေးရန် ထိုင်းအစိုးရထံ တောင်းဆိုခြင်းများကို ပြုလုပ်လာကြသည်။

ထိုအခင်းအကျင်းများကြောင့် အနည်းငယ် ရိုက်ခတ်မှုများ ခံရနိုင်သော်လည်း ထိုင်းရှိ အလုပ်ကြမ်းများကို ရွှေ့ပြောင်းလုပ်သားများသာ လုပ်ကိုင်နိုင်ကြသည့်အတွက် မခေါ်ယူဘဲ နေမည်မဟုတ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တကယ့်တကယ် ထိုင်းလုပ်ငန်းရှင်တွေရော စသဖြင့် ဒါတွေက ရွှေ့ပြောင်းအလုပ်သမား သူတို့ရဲ့ အလုပ် ခွင်မှာ လိုအပ်နေတာလေ။ အဲဒါအကျိုးသက်ရောက်မှုတွေ အဲဒီလောက်အထိ မဖြစ်နိုင်ဘူး။ ဒီဟာနဲ့ ပတ်သက်ပြီး တော့ ရွှေ့ပြောင်းအလုပ်သမား မခေါ်ရေးတို့၊ ဘာတို့ ဒီလိုမျိုးတွေတော့ လုပ်မယ်လို့ မထင်ပါဘူး။ ကျနော့်အမြင် ပြောတာပေါ့။ ဘာလို့ဆို သူတို့ ဒီအလုပ်ကြမ်းနဲ့ ဟိုဒင်းတွေကို သူတို့ထိုင်းနိုင်ငံသားတွေ အများစုက လုပ်မှ မလုပ် တာ၊ လုပ်လည်းမလုပ်နိုင်ဘူးလေ။ အဲဒီတော့ ဒီရွှေ့ပြောင်း အလုပ်သမားတွေနဲ့ လည်ပတ်နေရတာ။ ရေလုပ်ငန်းပဲ ဖြစ်ဖြစ်၊ အလုပ်ကြမ်း ‌ဆောက်လုပ်ရေးတို့ အလုပ်ကြမ်းတဲ့ဟာတွေဆိုရင် သူတို့နိုင်ငံသားတွေမှ မလုပ်တာကို။ ဒါပေမယ့် ဒီပြဿနာတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ နည်းနည်းတော့ ရိုက်ခတ်မှုတော့ ခံရတာပေါ့” ဟု ပြော သည်။

ထိုင်းရှိ မြန်မာသံရုံးအရှေ့မှာ ထိုင်းနိုင်ငံသားတွေ ဆန္ဒပြနေစဉ်

ထိုင်းနိုင်ငံရှိ အမျိုးသားရေး အဖွဲ့အစည်းသုံးဖွဲ့၏ တောင်းဆိုမှုတွင် အလုပ်လုပ်ခွင့် ပါမစ်အား ရက် ၉၀ သာ ခွင့်ပြု ပေးသင့်ပြီး ထိုသက်တမ်းပြည့်ပါက မိခင်နိုင်ငံသို့ ပြန်စေပြီးမှ ထိုင်းသို့ ပြန်လည်ဝင်ရောက်စေရန်၊ နိုင်ငံ မတည်ငြိမ် မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ရွှေ့ပြောင်း အမျိုးသမီးများကို ကိုယ်ဝန်ဆောင်ခွင့် မပြုရန်၊ ကိုယ်ဝန်ရရှိ ခဲ့ပါက မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် အချက်များ ပါဝင်သည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဘန်ကောက်မြို့တော်ဝန်မှ ဘန်ကောက်မြို့ရှိ လမ်းဘေးဈေးရောင်းချခြင်း အား ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ရမည်ဖြစ်ပြီး အကူအလုပ်သမားများမှာလည်း ထိုင်းနိုင်ငံသားများကိုသာ ခန့်အပ်ရမည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ ဖြစ်ပေါ်လာရခြင်းသည် မြန်မာနိုင်ငံသားများ၏ စည်းကမ်း မရှိမှုများကြောင့်ဖြစ်ပြီး နယ်စပ်ဝင်/ထွက်ဂိတ် များတွင် ခွဲခြားဆက်ဆံတတ်သည့် အရာရှိများတာဝန်ကျပါက မြန်မာနိုင်ငံသားများအတွက် လွယ်ကူမည်မဟုတ် ကြောင်းလည်း ထောက်ပြကြသည်။

ယခင်ကတည်းက မြန်မာရွှေ့ပြောင်းများမှာ လုပ်ကိုင်ခွင့်မရှိသည့် ဈေးရောင်းခြင်းအပြင် အခြားသော အလုပ် အကိုင်များကို လုပ်ကိုင်လေ့ရှိသော်လည်း ထိုင်းနိုင်ငံသား အပါအဝင် ထိုင်းအာဏာပိုင်များမှ နားလည်မှုဖြင့် လုပ်ခွင့်ပြုထားကြခြင်းဖြစ်သည်။

 ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

သို့သော် ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံသားများမှ အွန်လိုင်းမှတဆင့် လူသိရှင်ကြား လုပ်ဆောင်လာကြသဖြင့် ထိုင်းနိုင်ငံသားများ၏ စီးပွားရေးအပေါ် သက်ရောက်မှု ဖြစ်လာသောကြောင့် မကျေနပ်မှုဖြစ်လာခြင်းဖြစ်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့မြေပြင်မှာ တကယ်မြင်နေတာတော့ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ တကယ်လုပ်နေ တာ တွေ့ရပါတယ်။ မြင်လည်းမြင်နေတယ်။ ဒါပေမယ့် ငါ့လူမျိုး ငါ့နိုင်ငံသားတွေ ပုံမှန် လုပ်ငန်းခွင်ကရတဲ့ လုပ်အားခလောက်နဲ့ သူတို့ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ မလုံလောက်လို့ လုပ်နေတယ်ဆိုတာမျိုးလောက်နဲ့ ဒါတွေကို လည်း ထိုင်းအစိုးရဘက်ကနေ ပိုက်စိပ်တိုက်ရှာဖွေပြီး ဖမ်းဆီးတယ်ဆိုတာ မရှိခဲ့ပါဘူး။ အခုနောက်ပိုင်းမှာ သူ့ ပြည်သူတွေက တရားဝင် စာရေးသားပြီးမှ တရားဝင်အစိုးရကို သွားတိုင်တန်းတာတွေ ရှိလာတဲ့အခါမှာ အစိုးရ တစ်ရပ်ဆိုတာကလည်း သူ့နိုင်ငံသား သူ့ပြည်သူတွေက တရားဝင် တိုင်တန်းလာရင် သူတို့မလုပ်လို့ မဖြစ်တဲ့ အတွက်ကြောင့် ဒီအခြေအနေတွေ ဖြစ်ပေါ်လာတာပါ” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၇ သန်းကျော်ခန့်ရှိပြီး ပွဲစားအလုပ်များ၊ Live လွှင့် ဈေးရောင်းခြင်း၊ လမ်းဘေးဈေး ရောင်းခြင်း၊ ဆံပင်ညှပ်ဆိုင်ဖွင့်ခြင်း အစရှိသည့် လုပ်ကိုင်ခွင့်မရှိသော အလုပ်များကို အများအပြား လုပ်ကိုင်နေကြ ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ ရောက်ရှိနေသည်မှာ တိုင်းတစ်ပါး နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ လုပ်ချင်ရာ လုပ်ကိုင်ခွင့် မရှိသည်ကို သတိပြုကြရန်လည်း ထောက်ပြကြသည်။