CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂၆

ထိုင်းအစိုးရသည် ဘတ်ဂျက်လိုငွေပြမှု ပိုမိုကျယ်ပြန့်လာချိန်တွင် နိုင်ငံအတွင်း ကာစီနို လောင်းကစားရုံလုပ်ငန်းကို တရားဝင် ခွင့်ပြုရန် စီစဉ်လာခဲ့ခြင်းဖြစ်သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

အာဏာရ ဖြူးထိုင်းပါတီကလည်း နိုင်ငံအတွင်း ကာစီနိုလုပ်ငန်းများ ထူထောင်ပေးမည့် စီမံကိန်းနှင့်ပတ်သက်ပြီး ဝေဖန်မှုများကို ကာကွယ်ပြောဆိုခဲ့သည်။

တရားမဝင် မြေအောက်စီးပွားရေး လုပ်ငန်းများကို တရားဝင် လည်ပတ်ခွင့်ပြုခြင်းဖြင့် အစိုးရအတွက် အခွန် ဘဏ္ဍာငွေများ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာစီနိုရုံများကဲ့သို့ မြေအောက် လောင်းကစား လုပ်ငန်းများသည် ဂျီဒီပီ၏ ၅၀ ရာခိုင်နှုန်းကျော် ရှိနိုင်သဖြင့် နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။

ကာစီနိုလောင်းကစားလုပ်ငန်းကိုတွေ့ရစဉ်

ထိုလုပ်ငန်းများမှ ရရှိသည့် အခွန်ဘဏ္ဍာများကို ပညာရေးနှင့် အခြားနယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိအောင် သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဖြူးထိုင်းပါတီက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ကာစီနိုလုပ်ငန်းများကို တရားဝင် ခွင့်ပြုပေးရန် အားထုတ်ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း ထိုင်းလူ့အဖွဲ့အစည်း၏ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် အောင်မြင်ခဲ့ခြင်း မရှိကြောင်း ဖြူးထိုင်းပါတီက ထုတ်ပြန်ခဲ့သည်။

သို့သော် မကြာသေးမီ နှစ်များအတွင်း ယခင်အစိုးရအဖွဲ့များနှင့် လက်ရှိ အစိုးရလက်ထက်တွင် လေ့လာချက် စစ်တမ်းများအရ ကာစီနိုလုပ်ငန်းများကို တရားဝင် ခွင့်ပြုပေးရန် ဖြစ်နိုင်ခြေရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကာစီနိုစျေးကွက် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇ ထရီလျံ (ဘတ် ၄၈၃ ထရီလျံ ခန့်) တန်ကြေးရှိပြီး ထိုလုပ်ငန်းများမှတဆင့် နိုင်ငံ့ဝင်ငွေများ ပိုမိုတိုးမြင့်ရရှိမည့် အလားအလာကို မြင်တွေ့နေရ ကြောင်း ထိုင်းအစိုးရက ပြောကြားခဲ့သည်။

ကာစီနိုလောင်းကစားလုပ်ငန်းကိုတွေ့ရစဉ်

အစိုးရသတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဖျော်ဖြေရေးလုပ်ငန်းအက် ဥပဒေမူကြမ်းကို အပြီးသတ် ရေးဆွဲခဲ့ပြီဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုဥပဒေမူကြမ်းကို လူထုအား ချပြ၍ နာစစ်ဆေးမှု ခံယူသွားမည်ဟု ဆိုသည်။

ထိုဥပဒေမူကြမ်း၏ ပိုဒ်ခွဲ ၆၅ အရ လောင်းကစား လုပ်ငန်းများသည် နှစ်ပေါင်း ၃၀ သက်တမ်းရှိသည့် လိုင်စင်ဖြင့် လုပ်ငန်း လည်ပတ်ရမည်ဖြစ်ပြီး လုပ်ငန်းမှတ်ပုံတင်ကြေးသည် ဘတ် ၅ ဘီလျံဖြစ်၍ နှစ်စဉ်  ဘတ် ၁ ဘီလျံစီ ပေးဆောင်ရမည်ဖြစ်သည်။

အနှစ် ၃၀ လိုင်စင်သက်တမ်း ပြည့်သွားပါက ၁၀ နှစ်တစ်ကြိမ်စီ သက်တမ်း တိုးနိုင်မည်ဖြစ်သည်။

ထိုလောင်းကစားရုံများတွင် အသက် ၂၀ ပြည့်မှ ကစားနိုင်မည်ဖြစ်ကာ ပြည်ပနိုင်ငံခြားသားများကိုမူ ဝင်ကြေး အခမဲ့ သတ်မှတ်ထားသော်လည်း ထိုင်းနိုင်ငံသားများကိုမူ ဝင်ကြေး ဘတ် ၅၀၀၀ သတ်မှတ်ထားသည်။

Source: Nikkei Asia