CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅
မြန်မာနိုင်ငံတွင် ရေဘေးသင့်ခြင်းမှတဆင့် နစကနှင့် နိုင်ငံတကာတို့ အကြား ဆက်ဆံရေးမည်ကဲ့သို့ ရှိလာနိုင်သလဲဆိုသည့်အပေါ် စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာသူများအကြား ဆွေးနွေးမှုများ ရှိနေကြသည်။
လက်ရှိတွင် ရေဘေးသင့်ခဲ့ခြင်းကြောင့် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို ရရှိနေသကဲ့သို့ ရေဘေးအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နိုင်ငံအချို့မှ ကူညီရန် ကမ်းလှမ်းထားခြင်း မျိုးရှိကြောင်းလည်း သိရသည်။
ထို့ကြောင့် ရေဘေးသင့်မှု၏ နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းအချို့ ပါလာနိုင်ပြီး အလုပ်အကိုင်များ ရရှိလာနိုင်ဖွယ်ရှိကြောင်း၊ နစကဘက်မှလည်း နိုင်ငံတကာနှင့်ဆက်ဆံရေးအပိုင်းတွင် တွင်ကျယ်စွာ ဆောင်ရွက် လာသည်ကို မြင်ရသဖြင့် အပြုသဘောဆောင်သည့် အခြေအနေဟု သုံးသပ်၍ရကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
“နိုင်ငံတွေကတော့ ဘယ်နိုင်ငံနဲ့ ဘယ်နိုင်ငံ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ diplomatic ပဲ သွားကြတာပေါ့။ ရန်သူရယ်လို့မရှိဘူး။ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေရယ်လို့ သူတို့ကထားတာမဟုတ်ဘူး။ အမြဲတမ်း diplomatic နဲ့ပဲ သွားနေမယ်။ နိုင်ငံတကာ စာမျက်နှာပေါ်မှာ ချစ်ကြည်ရင်းနှီးမှုကိုပဲ ပြနေမယ်။ သို့သော် အတွင်းမှာ ဘာတွေလုပ်နေတယ်ဆိုတာ မြင်ရတွေ့ရဖို့ ခဲယဉ်းတယ်။ သို့သော်လည်း ရေဘေးဖြစ်သွားတဲ့အခါမှာ တချို့နိုင်ငံတွေပေါ့ နစကနဲ့ ပိုမိုထိတွေ့ဆက်ဆံလာတဲ့အခြေအနေလေးတွေကိုလည်း မြင်ရသလို နစက အစိုးရ အနေနဲ့လည်း ပြည်ပ နိုင်ငံတကာဆက်ဆံရေးအပိုင်းမှာ တကယ့်ကို တွင်တွင်ကျယ်ကျယ်နဲ့ ရေဘေးကြောင့်တော့ မဟုတ်ဘူးပေါ့နော်။ တခြားအကြောင်းအရာတွေလည်း အများကြီးပါပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုတွေက ခြေလှမ်းစိပ်လာတဲ့သဘောမျိုး တွေ့လာရတဲ့အတွက်ကြောင့် ဒါကတော့ အပြုသဘောဆောင်တဲ့ အခြေအနေလို့ သုံးသပ်လို့ရပါတယ်” ဟု ၎င်းက ပြောသည်။
ရေးဘေးသင့်ဒေသတချို့တွင် ပရဟိအဖွဲ့အစည်းများမှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေကြစဉ်
သို့သော် ရေဘေးဒဏ်ခံရပြီး မြန်မာနိုင်ငံအနေဖြင့် ဒုက္ခရောက်နေသည့်အတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာမည့် အလားအလာမရှိကြောင်းလည်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထို့အပြင် ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့သဖြင့် လက်ရှိအနေအထားအရ နိုင်ငံ၏ GDP ကျဆင်းနိုင် ကြောင်း၊ အဆောက်အအုံများအား ပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သည့်ပစ္စည်းများကို ပြည်ပမှ ဝယ်ယူရမည့် အတွက် ငွေကြေးအများအပြား အသုံးပြုရမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။
“Politics ဘက်တော့ ထဲထဲဝင်ဝင် သိပ်မသိဘူး။ ဒါပေမယ့် နိုင်ငံတကာကတော့ အဲဒီလို အခက်အခဲရှိတယ်ဆိုရင် တော့ ကူညီတာပါပဲ။ သူက အစိုးရကိုတော့ တိုက်ရိုက်ကူညီချင်မှ ကူညီမှာပေါ့။ အစိုးရကို တိုက်ရိုက် ပေးချင်မှ ပေးမှာပေါ့။ ခံနေရတဲ့ Public တွေကို တိုက်ရိုက်ပေးရင်ပေးမယ်။ ဒါမှမဟုတ် ခံရတဲ့ Public တွေကို ဝင်ပြီးတော့ ကူညီပေးနေတဲ့အဖွဲ့အစည်းတွေ အဲဒီကနေတဆင့် အကူအညီအထောက်အပံ့တွေ ပေးတာပေါ့။ ရေဘေးတွေ ဖြစ်နေလို့ မြန်မာပြည်ကြီးဒုက္ခရောက်နေလို့ FDI တွေဝင်မယ်ဆိုတဲ့ အလားအလာမျိုးလည်း မရှိဘူး။ တစ်ကိုယ်ရည်ပေးမယ့် လူသားချင်းစာနာတဲ့အကူအညီပေးမယ် အဲဒီဟာတွေလောက်ပဲ ရှိနိုင်တယ်။ အဲဒီလို အကူအညီပေးတော့ နိုင်ငံခြားငွေတချို့ တဝက်စီးဝင်ကောင်းဝင်မယ်ပေါ့။ အခု ရေဘေးအခြေအနေကြောင့် နိုင်ငံခြားအကူအညီတွေဝင်လာရင် နိုင်ငံခြားငွေတွေ ဝင်လာတယ်ဆိုရင်တော့ ဒေါ်လာဈေးဆက်တက်မယ့် အခြေအနေက နည်းနည်းလေး တန့်ကောင်းတန့်သွားနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ရေဘေးကြောင့် လူနေအိမ် ၂၁၁၆ လုံး ပျက်စီးပြီး ၁၅၈၃၇၃ လုံး ရေနစ်မြှုပ်ခဲ့ကြောင်း၊ အလားတူ ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ပျက်စီးခဲ့ကြောင်း နစက-က ထုတ်ပြန်ထားသည်။
ထို့အပြင် တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင် သေဆုံးပြီး စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေနစ် မြှုပ်ခဲ့ကြောင်းသိရသည်။