CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးများ လုပ်နိုင်ရန် စေတနာရှင်များ လှူဒါန်းသော အလှူငွေသည် ၃၁ ဘီလျံရခဲ့၍ မှန်းထားသည်ထက် ၁၀ ဆနီးပါး ရရှိခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော အလှူ‌ငွေလက်ခံခြင်း အခမ်းအနား၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အလှူငွေအား ၃၊ ၄ ဘီလျံမျှသာ မှန်းထားခဲ့သော်လည်း အမှန်တကယ် ရရှိခဲ့သော အလှူငွေသည် ဘီလျံ ၃၀ ကျော် ခဲ့၍ ကျေးဇူးတင်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

၎င်းက “ဒီနေ့ ခင်ဗျားတို့ လှူတဲ့ပိုက်ဆံက ၃၁ ဘီလျံကျော်ဟာ နည်းတဲ့ပိုက်ဆံ မဟုတ်ပါဘူး။ ကျနော် တော်တော် ကြီးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့လည်း ငွေသုံးရတာနဲ့ ပတ်သတ်လို့ရှိရင် အရမ်းသုံးလို့လည်း မရပါဘူး။ အရမ်းသုံးလို့ရှိရင် ဘတ်ဂျက်မှာလည်း သွားပြီးတော့ အများကြီး စကားပြောပါတယ်။ ဒီဟာတော့ နိုင်ငံရဲ့ ဝန် တစ်ခုကို တစ်စိတ်တစ်ပိုင်း တာဝန်ယူပေးလိုက်တဲ့ဟာပဲဖြစ်ပါတယ်။ အဲတော့ မှတ်ထားပါ့မယ် ဒီဟာနဲ့ ပတ်သတ် ပြီးတော့၊ မှတ်ထားပါ့မယ်” ဟု ပြောသည်။

တိုင်းပြည်၏ လိုအပ်ချက်များ ရှိသည့်အခါတွင်လည်း ဝိုင်းဝန်းကူညီရန်နှင့် အလှူငွေလာရောက် လှူဒါန်းပေးကြ သော အလှူရှင်များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးကိုလည်း ထပ်လောင်း ကျေးဇူးတင်‌ကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဥ်

ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများကို AYA Bank ဥက္ကဋ္ဌ ဦးဇော်ဇော်၊ A Bank ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်၊ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ခရိုနီသူဋ္ဌေးကြီး ဦးထွန်မြင့်နိုင်၊ ခရိုနီသူဋ္ဌေးကြီး ဦးမောင်ဝိတ်တို့ကလည်း လှူဒါန်းခဲ့ကြသည်။

လာမည့် အောက်တိုဘာ ၁ ရက်နေ့တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ဝိုင်းဝန်းကူညီကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။

ထို့နောက် သန်းခေါင်စာရင်း အပေါ်တွင် အခြေခံ၍ မဲစာရင်းပြုစုကာ ရွေကောက်ပွဲများ ပြုလုပ်ပြီး နိုင်ငံတော်အား ပြည်သူရွေးချယ်သော လမ်းကြောင်းအတိုင်း သွားကြရန်ဖြစ်သည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၅၆ မြို့နယ်တွင် စက်တင်ဘာ ၉ ရက်နေ့က ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၆ ဦးသေဆုံးကာ ၇၇ ဦး ပျောက်ဆုံးခဲ့ကြောင်း၊ ရေဘေးသင့် ပြည်သူ ၂ သိန်းကျော်ရှိပြီး အိမ်ထောင်စု ပေါင်း ၁ သိန်းကျော် ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် နေအိမ်နှင့် အဆောက်အအုံပေါင်း ၁၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ထားသည်။