CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀

မေမြို့(ပြင်ဦးလွင်)နှင့် ပျဥ်းမနားမြို့တို့တွင် ရေဘေးသင့်ဒုက္ခသည်များ ပြန်လည်ထူထောင်နိုင်ရေးအတွက် တန်ဖိုးသင့် အိမ်များအား အပြီးအစီး ၁၅ သိန်းကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းနေကြောင်း သိရသည်။

ယခုလက်ရှိ ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများကြောင့် ပြည်သူအချို့မှာ နေစရာအဓိက လိုအပ်နေသဖြင့် ရေကျသွားချိန်တွင် ပြည်လည်ထူထောင်နိုင်ရေးအတွက် ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်း ပျဥ်းမနားမြို့ တွင် သံပန်းလုပ်ငန်း လုပ်ကိုင်သူ ကိုဝေယံထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်ဘာလို့ စလုပ်ဖြစ်တာလဲဆိုတော့ ကျနော်ကစပြီးတော့ ဒီ‌ရေတွေတက်ကတည်းက ကျနော်က ကယ်ဆယ်‌ရေး လုပ်တဲ့အထဲမှာ ပါတယ်။ ကယ်တဲ့လူတွေက ကျနော် ကားနဲ့ပါတယ်၊ ကျနော့် ကားပေါ်မှာပေါ့ ပြောကြတာပေါ့။ အိမ်တွေမရှိတော့ဘူးဆိုတာ ကျနော်ကြားရတယ်လေ။ သူတို့ အလိုချင်ဆုံးက အိမ်ပဲ။ အဲလိုဖြစ် တယ်၊ အဲတာကြောင့် ကျနော် အိမ်ဆောက်ပြီး လှူမယ်ဆိုပြီး ကျနော် တွေးထားတာ။ တကယ်ရေလည်း ကျသွား ပြီ၊ လှူမဲ့ သံပန်းတွေ ရောက်ပြီဆို‌တော့ ကျနော်အားသွားပြီ။ အားသွားတဲ့အချိန်မှာ ကျနော်ဒါတွေ စလုပ်ဖြစ်တယ်။ ကျနော် စောစောက ပြောသလိုပေါ့။ ကျနော် ရေဘေးစပြီး ကူညီတဲ့အချိန်ထဲက ကျနော်ကယ်ခဲ့တဲ့ သူတွေအကုန် လုံးက ကျနော့်ကားပေါ်မှာ၊ ကျနော့် ကားနဲ့တောင် လိုက်ကယ်တာ အဲလိုလိုက်ကယ်တဲ့ချိန်မှာ ကျနော့်ကို ပြော တယ်။ အစ်ကို သွားပြီ၊ အိမ်တွေလည်း မရှိတော့ဘူး။ ဘာမှမရှိတော့ဘူး။ အဓိက သူတို့ပြန်လိုချင်တာ အိမ်၊ အိမ်ပဲ ပြန်ချင်တာဆိုတဲ့ ခံစားချက်ကို ကျနော် ခံစားမိလိုက်တယ်။ အဲဒီအတွက် ကျနော်ထပြီး လုပ်ဖြစ်ခဲ့တာ”ဟု ပြော သည်။

တန်ဖိုးသင့် အိမ်ကို တွေ့ရစဥ်

အိမ်အကျယ်အဝန်းမှာ ၁၅ ပေပတ်လည်နှင့် အမြင့် ၇ ပေခွဲရှိပြီး ခေါင်အထိဆိုလျှင် ၉ ပေခန့်ရှိသည်။

ထိုအိမ်များကို အနည်းဆုံးနှင့် အသက်သာဆုံးဖြစ်အောင် တွက်ချက်ပေးထားပြီး တစ်အိမ်လျှင် ငွေကျပ် ၁၅ သိန်း ဖြင့် အပြီးအစီး ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် ဆောက်လုပ်လှူဒါန်းရမည့် အိမ်အလုံးရေ များလာခြင်းဖြစ်ပြီး အိမ် ၁၀ လုံးထိ ဆောက်လုပ်လှူဒါန်း သွားမည်ဟု ကိုဝေယံထွန်းက ပြောသည်။

ထို့အပြင် နိုင်ငံရပ်ခြားမှ လှူဒါန်းသူများအတွက်သာ ငွေသားလက်ခံခြင်းဖြစ်ပြီး ပြည်တွင်းအလှူရှင်များထံမှ အလှူငွေ လက်ခံခြင်းမရှိဘဲ ဆောက်လုပ်မည့် ပစ္စည်းများသာ လက်ခံကြောင်း သိရသည်။

အိမ်များသွားရောက် ဆောက်လုပ်လှူဒါန်းရန် လူအင်အား လိုအပ်နေသောကြောင့် ပျဥ်းမနားမြို့ရှိ ကူညီ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ လိုအပ်သည့် နေရာများကို သွားရောက်ဆောက်လုပ် လှူဒါန်းမည်ဟု ကိုဝေယံထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ယခုလက်ရှိတွင် ‌ဆောက်လုပ်လှူဒါန်းရန် အိမ်အလုံးရေ ၁၅ လုံးအထိရှိပြီး လာရောက် ဆက်သွယ်လာသော အဖွဲ့အစည်းများလည်း ရှိသောကြောင့် ယခုထက်ပို၍ ဆောက်လုပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ မေမြို့(ပြင်ဦးလွင်)တွင်လည်း အပြီးအစီး သိန်း ၂၀ ဝန်းကျင်ဖြင့် တန်ဖိုးသင့် ဝါးအိမ်များ ဆောက်လုပ် လှူဒါန်းနေကြောင်း သိရသည်။

တန်ဖိုးသင့် ဝါးအိမ်ကို တွေ့ရစဥ်

ယခုအချိန်တွင် နေထိုင်စရာ မရှိသူများရှိနေခြင်းကြောင့် ကုသိုလ်ယူ ပရဟိတအဖြစ် ဆောက်လုပ်လှူဒါန်း ‌ပေးခြင်းဖြစ်ကြောင်း မေမြို့(ပြင်ဦးလွင်)တွင် ဝါးပရိဘောဂနှင့် ဝါးအဆောက်အဦ ဆောက်လုပ်သူ ကိုရှိန်းမောင်မောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ဝါးဖိုး၊ စကူဖိုး ဘာညာနဲ့ ၇ သိန်းလောက်ကျတယ်။ အပြီးအစီးဆို ဝါးပေါင်းဆောက်မယ်ဆိုရင် အပြီးအစီးဆို ၂၂ သိန်းလောက်ကုန်တယ်ဗျ။ ၂၂ သိန်းက ကျနော်တို့ မျက်နှာပွင့်က ၁၀ ပေရှိမယ်။ အလျားက ၁၅ ပေရှိမယ်ဗျ။ ၁၅ ပေကို ကျနော်တို့က အခန်းဖွဲ့ဖို့ကျတော့ ၈ ပေယူလိုက်တာ။ ၈ ပေကိုဆိုတော့ ၁၀ ပေ ၈ ပေ တစ်ခန်းဖြစ်မယ်။ ရှေ့က ကျနော်တို့ ၁၀ ပေ ၇ ပေကတော့ ဝရန်တာ ပါမယ်ပေါ့။ ဝရန်တာနဲ့ ဘေးနှစ်ဖက်မှာ ထိုင်ခုံပုံစံမျိုးပေါ့။ ခေါင်လေးကတော့ ကျနော်တို့ ၂ ဆစ်ချိုးလေး ချိုးပေးထားတယ်။ ဘာလို့လဲဆိုတော့ ပုံစံလေး လည်း နည်းနည်းလေး ဆန်းအောင်လို့ပေါ့။ အဲလိုမျိုးလေး လုပ်ပေးထားပါတယ်” ဟု ပြောသည်။

ထိုတန်ဖိုးသင့် အိမ်များသည် ၁၅ ပေပတ်လည် ကျယ်သောကြောင့် လူ ၅၊ ၆ ယောက် နေထိုင်နိုင်ကြောင်း၊ ဆောက်လုပ်ခ မယူဘဲ အိမ်ဆောက်လုပ်မည့် ပစ္စည်းတန်ဖိုးသာယူကြောင်း၊ ငွေကြေးမတတ်နိုင် သူများဆိုလျှင် အခမဲ့ ဆောက်လုပ်ပေးသွားရန် စီစဥ်ထားကြောင်း သိရသည်။