CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈

မြန်မာနိုင်ငံတွင် မုန်တိုင်းဒဏ်ကြောင့် ရေကြီးရေလျှံဖြစ်ကာ သေဆုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် အိုးအိမ်ဆုံးရှုံးခဲ့ရ သူများကို ထောက်ပံ့ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြို့ရွာများ၊ လမ်းကြောင်းများ၌ ရေထွက်စနစ်များ ကောင်းမွန်မှုမရှိခြင်း၊ ရေနုတ်မြောင်းစနစ်များ ကောင်းမွန်မှု မရှိခြင်းကြောင့်လည်း ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ရေထုတ်စနစ်များ ကောင်းမွန်စေရေး ပြန်လည်ပြင်ဆင်ဆောင်ရွက် သွားရန်လိုကြောင်း၊ လမ်း-တံတား-ဆည်-မြောင်းများ၏ ရေထွက်စနစ်များကို နှစ်စဉ်စစ်ဆေးပြုပြင်ထိန်းသိမ်းမှု(Maintainess)မပျက်မကွက် ပြုလုပ် ရန်လိုကြောင်း နစကဥက္ကဋ္ဌ ပြောသည်။

 ရေဘေးသင့် ဒေသအခြေအနေကိုတွေ့ရစဉ်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်း သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများ ဆောင်ရွက်ပေး သွားရန်လိုကြောင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ချိန်၌ လူနေအိမ်များ များစွာဆုံးရှုံးခဲ့သည်ကို တွေ့ရပြီး ဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့သည့် ပြည်သူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ရေဘေးဒုက္ခသည် စခန်းများရှိ ပြည်သူများ စားသောက်ရေးအတွက်လည်း အဆင်ပြေအောင် ဆောင်ရွက်ပေး ရမည်”ဟု ပြောသည်။

မည်ကဲ့သို့ ထောက်ပံ့ပေးသွားမည်ဆိုသော အစီအစဉ်ကိုတော့ ပြောသွားခြင်း မရှိပေ။

လက်ရှိအချိန်တွင် ပြည်သူများ သွားလာမှု အဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှု မရှိစေရေး အတွက် ထိခိုက်ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်သွားရန် လို ကြောင်း၊ ပျက်စီးသွားသည့် တံတားများတွင် ယာယီ ဘေလီတံတားများကို ဦးစားပေး ဆောက်လုပ်သွားရန် လို ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရေဘေးရှောင်စုရပ်များသို့ ယာယီခေါ်ဆောင်ထားသည့် ပြည်သူများကို ၎င်းတို့၏ နေရပ်သို့ ပြန်လည်သွားရောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်လိုကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မြန်မာနိုင်ငံ၏ နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီ တိုင်း ဒေသကြီးတို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ၂၂၆ ဦးသေဆုံးကာ ၇၇ ဦး ပျောက်ဆုံးခဲ့သည်။

အလားတူ ၁၂ ဦး ရေစီးဖြင့်မျောပါခဲ့ပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လူနေအိမ် ၁၉၁၅ လုံး လုံးဝ ပျက်စီးခဲ့ပြီး ၂၀၁ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း၊ ရေဝင် နစ်မြှုပ်ခဲ့သည့် အိမ်ပေါင်း ၁၅၈,၃၄၃ အိမ်ရှိသည်။

ထို့နောက် ရေဘေးရှောင် ပြည်သူအနေဖြင့် ယာယီဒုက္ခသည်စခန်းများတွင် ၁၆၃၅၇၃ ဦးရှိပြီး ဆွေမျိုးများအိမ် တွင် သွားရောက်နေထိုင်သူ ၂၃၄၅၃၅ ဦးရှိကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ရေဘေးရှောင် ပြည်သူများကို သက်ဆိုင်ရာ ကျေးရွာများအလိုက် ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊ ထိုရေဘေးသင့် ပြည်သူများအတွက် မိမိတို့အနေဖြင့် ထိုက်သင့်သည့် ထောက်ပံ့မှုများကို လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အသင့်စား ခေါက်ဆွဲများ အပါအဝင် အခြား စားသောက်ဖွယ်ရာ များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။