CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် လိုအပ်နေချိန်မှာ မည်သည့် အရေးကိစ္စများကို ဦးစားပေးလုပ်သင့်လဲဆိုသည့်အပေါ် စိုက်ပျိုးရေး နှင့် စီးပွားရေး ကျွမ်းကျင်သူများအကြား သုံးသပ်လျက်ရှိနေသည်။

ရေဘေးသင့်ပြည်သူများအတွက် အရင်ဆုံး စားဝတ်နေရေးများ လုပ်ဆောင်သင့်ကြောင်း၊ ထို့နောက် ဆုံးရှုံးသွား သော နေအိမ်များနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်သင့် ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ အိမ်တွေ ဆုံးရှုံးသွားတယ်ဆိုရင်တော့ ပြန်ပြီးတော့မှ အိမ်တွေ ဆောက်ပေးတာမျိုး၊ ဒါမဟုတ်လို့ ရှိရင်လည်း သူတို့ ပြန်လည်ထူထောင်ဖို့အတွက် အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့ပေးတာမျိုး ဒါတွေ လုပ်ပေး ဖို့လိုတယ်၊ အဲဒါတွေ ပြေပြေလည်လည် ဖြစ်သွားပြီဆိုလို့ရှိရင် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းတွေပေါ့၊ ဥပမာ လယ်သမားတွေ ဆိုလို့ရှိရင်လည်း ဘာတွေ လိုအပ်သွားမှာလည်း သူတို့ရဲ့ မျိုးစပါးတွေ ပါသွားမှာလား၊ သူတို့ရဲ့ သွင်းအားစုတွေ ကုန်သွားတာလား၊ ဒါတွေကို အာဏာပိုင်တွေက ပြန်ပြီးတော့ တဆင့်ချင်း ပြန်ကူညီပေးဖို့တော့ လိုမယ်ပေါ့နော်၊ အဲဒီလိုမျိုးမှသာ ဥပမာ စိုက်ပျိုးရေးနဲ့ ဆက်စပ်ပြီးတော့ ပြောရလို့ရှိရင် တောင်သူတွေ အနေနဲ့က သေချာတာကတော့ သူတို့ရဲ့ စိုက်ခင်းတွေ ဆုံးရှုံးသွားတယ်၊ ရေလွှမ်းသွားတယ်၊ ပြီးလို့ရှိရင် သူတို့ အစကနေ ပြန် လုပ်ရမယ်၊ ဆိုတော့ အဲဒီတစ်ဖက်မှာလည်းသူတို့ ဆုံးရှုံးသွားတဲ့အပြင် တိုင်းပြည်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ ဖူလုံမှုဆိုတဲ့ဟာမှာလည်း လာပြီးတော့ ခြိမ်းခြောက်နိုင်တယ်ပေါ့နော်၊ ဆိုတော့ မလွဲမသွေ နောက်ထပ် လူဘယ်နဲ့ သန်းလောက်က ဘယ်လောက်ကြာတဲ့အခါမှာ အငတ်ဘေး ဖြစ်နိုင်တယ်ဆိုတဲ့ ဒေတာအချက်အလက်တွေကို လည်း မကြာမီ ထွက်လာမယ်လို့ ထင်တယ်” ဟု ပြောသည်။

ရေဘေးကယ်ဆယ်ရေးလုပ်နေကြစဉ်

ပြန်လည်ထူထောင်ရေး လုပ်ငန်များနှင့် ပတ်သက်၍ သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ အိုးအိမ် ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ရေကြီးရေလျှံမှုကြောင့် လူနေအိမ်များ များစွာ ဆုံးရှုံးခဲ့သည်ကို တွေ့ရပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ပြည်သူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း နစကမှ ပြောကြားထားသည်။

ရေဘေးသင့်ပြည်သူ အများစုမှာ ကျေးလက်ဒေသဖြစ်ပြီး ၎င်းတို့၏ စိုက်ပျိုးဧကများ ပြန်လည် ဖြည့်ဆည်းနိုင်ရန် လုပ်ဆောင်သင့်ကြောင်း၊ အလားတူ ရေဘေးသင့်ပြည်သူများကို စိတ်ခွန်အားပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ရေကြီးမှုကြောင့် နစ်မြှုပ်နေတဲ့ အိမ်တွေကိုတွေ့ရစဉ်

၎င်းက “ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးပေါ့၊ ပထမဦးစားပေးကတော့ လူနဲ့ လူကျန်းမာရေး ကို ဦးစားပေးရမယ်၊ ဒါက ပထမဦးစားပေး၊ တစ်ဖက်ကလည်း လမ်းပန်းဆက်သွယ်ရေး ပြန်လည်သွားလာလို့ ရအောင် အစိုးရ လုပ်ပေးရမယ်၊ ဒါက လူနဲ့ တိရိစ္ဆာန်ပေါ့၊ ဒုတိယကတော့ စိုက်ပျိုးတဲ့ ဧကတွေက ပျက်စီးသွားတာ ဖြစ်တဲ့အတွက် ဆောင်းသီးနှံမှာ ပြန်လည်ပြီးတော့ အစားထိုး စိုက်ပျိုးနိုင်အောင် တောင်သူလယ်သမားတွေရဲ့ အခက်အခဲက ဘာတွေရှိတယ် အဲဒါကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုတယ်။ အဲဒါ ဖြည့်ဆည်းပေးလိုက်ရင် ဆောင်းသီးနှံ မှာ မိုးသီးနှံပျက်စီးသွားတဲ့ဟာ ဆောင်းသီးနှံမှာ ပြန်စိုက်ပျိုးနိုင်ရင် တို့စိုက်ပျိုးရေးနိုင်ငံ ရိက္ခာအနေနဲ့ မပူရဘူးပေါ့၊ အခုဆိုရင် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ရိက္ခာပူရမယ့် အနေအထားမှာ ရှိတယ်။ ရေဘေးဒုက္ခသည်တွေကို စိတ်ခွန်အား တွေ ပေးဖို့လိုတယ်၊ သူတို့ကို နွေးနွေးထွေးထွေး ဆက်ဆံပြီးတော့ ဆောင်ရွက်ပေးဖို့ လိုတယ်။ တစ်ဖက်ကလည်း ရေဘေးဒုက္ခသည်တွေအတွက် အနုပညာရှင်တွေ ကိုယ်တိုင်သွားလှုပ်ရှားနေတာ အင်မတန် ကောင်းပါတယ်” ဟု ပြောသည်။

နိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာကာ ပြည်သူ ၂ သိန်းကျော် ရေဘေးသင့်ခဲ့ကြသလို ၂၂၆ ဦး သေဆုံး ကာ ၇၇ ဦး ပျောက်ဆုံးခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ထားသည်။