CNI International News

ကာရာကက်စ်၊ စက်တင်ဘာ ၁၈

ဗင်နီဇွဲလားအစိုးရသည် ဇူလိုင်လက ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲအပြီး ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြ သူများကို ပြင်းထန်စွာ ဖြိုခွင်းခဲ့သလို အတိုက်အခံများအား ဖိနှိပ်မှုကို အရှိန်မြှင့်တင်ခဲ့သည်ဟု ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအထူးတာဝန်အဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဗင်နီဇွဲလား အာဏာပိုင်များသည် အတိုက်အခံများကို ဖြိုဖျက်ရန်၊ လွတ်လပ်သည့် သတင်းအချက်အလက်များ စီးဆင်းမှုနှင့် ဝေဖန်ရေး အတွေးအမြင်များကို ပိတ်ပင်ရန်၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို တားဆီးရန် လုပ်ဆောင်ခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

"ဝေဖန်ရေး အယူအဆတွေ၊ အတိုက်အခံတွေ ဒါမှမဟုတ် အစိုးရနဲ့ သဘောထား မတိုက်ဆိုင်သူတွေကို တုန့်ပြန်တဲ့ အနေနဲ့ ဗင်နီဇွဲလားအစိုးရရဲ့ ဖိနှိပ်ရေးယန္တရားဟာ အရမ်းပြင်းထန်နေတာကို ကျမတို့ တွေ့ရှိခဲ့ပါတယ်" ဟု ကုလ သမဂ္ဂ၏ အချက်အလက် ရှာဖွေရေးအထူးတာဝန်အဖွဲ့၏ဥက္ကဋ္ဌ မာတာ ဗာလီနက်စ် (Marta Valinas) က ပြော ကြားခဲ့သည်။

ဗင်နီဇွဲလား ရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့နှင့် ထိပ်သီး တရားရုံးတစ်ခုက ရွေးကောက်ပွဲ မဲရေတွက်မှုအားလုံးကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မာဒူရို (Nicolas Maduro) အနိုင်ရကြောင်း ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေးအထူးတာဝန်အဖွဲ့၏ဥက္ကဋ္ဌ မာတာဗာလီနက်စ်ကို တွေ့ရစဉ်

ထို့ကြောင့် အတိုက်အခံများဘက်မှ ကိုယ်စားလှယ်လောင်း အက်မန်ဒို ဂွန်ဇာလက် (Edmundo Gonzalez) ကို ထောက်ခံသူများက အာဏာရပါတီကို မဲလိမ်ကြောင်းစွပ်စွဲခဲ့ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

အတိုက်အခံများကမူ ၎င်းတို့၏ မဲရေတွက်မှုများအရ ဂွန်ဇာလက် အနိုင်ရကြောင်း ပြောကြားခဲ့သည်။

ဂွန်ဇာလက်သည် ဗင်နီဇွဲလားတွင် ဖမ်းဝရမ်း ထုတ်ခံခဲ့ရပြီးနောက် ယခုလအတွင်း နိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်ကာ စပိန်နိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့်နှင့် နေထိုင်လျက်ရှိသည်။

ရွေးကောက်ပွဲအပြီး ဖြစ်ပွားသည့် ဆန္ဒပြမှုများအတွင်း လူ ၂၅ ဦးခန့် သေဆုံးကာ ၂၄၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ထိုဆန္ဒပြမှုကို ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုသည် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို မီးမောင်း ထိုးပြသနေပြီး ဗင်နီဇွဲလားအာဏာပိုင်များသည် လွတ်လပ်ပွင့်လင်းသည့် ပုံရိပ်ကို စွန့်လွှတ်ခဲ့ကြောင်း ကုလသမဂ္ဂ ၏ အချက်အလက် ရှာဖွေရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ