CNI International News

ဘေရွတ်၊ စက်တင်ဘာ ၁၉

အစ္စရေး၏ မော့ဆက် (Mossad) ထောက်လှမ်းရေးအေဂျင်စီသည် လက်ဘနွန်နိုင်ငံအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ ဝယ်ယူသည့် ပေဂျာဟု ခေါ်သော ရေဒီယိုလှိုင်းဖြင့် ဆက်သွယ်မှုကို ဖမ်းယူအသိပေးသည့် ကိရိယာများထဲတွင် အသေးစား ဖောက်ခွဲရေးပစ္စည်းများ ထည့်သွင်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့သည် ယခုနှစ် နွေဦးရာသီက လက်ဘနွန်နိုင်ငံအတွင်းသို့ ပေဂျာ ၅၀၀၀ ခန့် အော်ဒါမှာယူ တင်သွင်းခဲ့ကြောင်း လက်ဘနွန်လုံခြုံရေး သတင်းအရင်းအမြစ်တစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုပေဂျာများကို အစ္စရေးထောက်လှမ်းရေးအဖွဲ့က ထုတ်လုပ်မှုအဆင့်တွင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်ဟု ထိုသတင်းရင်းမြစ်က ပြောသည်။

ဒုတိယမြောက် လုံခြုံရေး သတင်းရင်းမြစ် တစ်ခုကလည်း ထိုပေဂျာများထဲတွင် ဖောက်ခွဲရေးပစ္စည်း ၃ ဂရမ်မျှ ထည့်သွင်းထားခဲ့ပြီး ထိုအချက်ကို ဟစ်ဇ်ဘိုလာအဖွဲ့က ထောက်လှမ်းသိရှိခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ရိုက်တာသတင်းဌာနက လေ့လာခဲ့သည့် ပျက်စီးနေသော ပေဂျာများ၏ ဓာတ်ပုံများတွင် ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီ Gold Apollo က ထုတ်လုပ်သည့် AR-924 မော်ဒယ် ပေဂျာများကို မြင်တွေ့ရသည်။

Gold Apollo ကုမ္ပဏီကို တည်ထောင်သူဖြစ်သည့် စုချင်းကွမ်ကို တွေ့ရစဉ်

ထိုပေဂျာများသည် မက်ဆေ့ချ်များ ပေးပို့နိုင်သော်လည်း ဖုန်းခေါ်ဆိုနိုင်ခြင်းမရှိကြောင်း သိရသည်။

ထိုပေဂျာများကို Gold Apollo အမှတ်တံဆိပ်ဖြင့် ဥရောပ၏ BAC ကုမ္ပဏီ၏ လိုင်စင်ဖြင့် ထုတ်လုပ်ခြင်း ဖြစ် ကြောင်း Gold Apollo ကုမ္ပဏီကို တည်ထောင်သူဖြစ်သည့် စုချင်းကွမ် (Hsu Ching-Kuang) က ပြောကြားခဲ့ သည်။

ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ် (Budapest) မြို့တော်တွင် အခြေစိုက်သည့် BAC ကုမ္ပဏီကမူ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

စက်တင်ဘာ ၁၈ ရက်က လက်ဘနွန်နိုင်ငံ၏ အချို့နေရာ ဒေသများတွင် ပေဂျာများ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၉ ဦးသေဆုံးကာ လူပေါင်းထောင်ချီ ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။

လူပေါင်း ၂၇၅၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂၀၀ ခန့်သည် ဒဏ်ရာပြင်းထန်ကြောင်း ကျန်းမာရေးဝန်ကြီး ဖီရက်စ် အဘီအက် (Firas Abiad) က ပြောကြားခဲ့သည်။

ထိုသို့ ပေဂျာများ ပေါက်ကွဲမှုအတွက် လက်ဘနွန်အရာရှိများက အစ္စရေးကို အပြစ်တင်ခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့က လည်း အစ္စရေးကို လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ