CNI International News
ဂျေရုဆလင်၊ နိုဝင်ဘာ ၂၈
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား နိုဝင်ဘာ ၂၇ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သဖြင့် ၁၄ လ နီးပါးကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်ပြီး လက်ဘနွန်နိုင်ငံ၏ ဘေရွတ်(Beirut)မြို့တော် တောင်ပိုင်း ရပ်ကွက်များတွင် အောင်ပွဲခံသည့် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်မှုများ မရှိခဲ့ပေ။
ဟစ်ဇ်ဘိုလာ အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မည်ဆိုပါက အစ္စရေးက ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ကြောင့် အောင်ပွဲခံနေကြစဉ်
ထို့ပြင် လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် နေထိုင်သည့် ဒေသခံများအနေဖြင့် လက်ရှိ ရွှေ့ပြောင်းနေထိုင်သော နေရာများ၌ ဆက်နေရန်နှင့် နေအိမ်များသို့ မပြန်ကြသေးရန် အစ္စရေးစစ်တပ်က ပြောကြားခဲ့သလို ထိုနေရာ များတွင် အစ္စရေးစစ်သားများကို ဆက်လက် ဖြန့်ကြက်ချထားဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစောပိုင်း ၂ လတွင် တိုက်ခိုက်မှုများ ရပ်တန့်ရန်၊ ဟစ်ဇ်ဘိုလာ အဖွဲ့အနေဖြင့် လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် လက်နက်ကိုင် လှုပ်ရှားနေမှုကို ရပ်နားရန်၊ အစ္စရေး စစ်သားများ အနေဖြင့် အစ္စရေးဘက်ခြမ်းရှိ နယ်စပ်ဒေသသို့ ပြန်လည်ဆုတ်ခွာရန် အစရှိသည့် သတ်မှတ်ချက်များ ပါရှိသည်။
ထို့ပြင် လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် ထောင်နှင့်ချီသည့် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် အဖြစ် ထောင်နှင့်ချီသည့် လက်ဘနွန်စစ်သားများကို ဖြန့်ကြက်ချထားမည်ဖြစ်ပြီး ထိုအခြေအနေကို အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာအဖွဲ့က စောင့်ကြည့်သွားမည်ဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်
အစ္စရေးက ဘေရွတ်မြို့တော်ကို ပြင်းထန်သည့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာ ဖြစ်သော နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၆ ရက်တွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် လက်ဘနွန်နိုင်ငံ တစ်ဝန်း၌ လူ ၄၂ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ထိုအပစ်အခတ်ရပ်စဲရေးသည် ဂါဇာတွင် ဖြစ်ပွားနေသည့် ပြင်းထန်သော စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိဘဲ အစ္စရေး နှင့် ဟစ်ဇ်ဘိုလာအဖွဲ့၏ မဟာမိတ်ဖြစ်သည့် ဟားမာ့စ်အဖွဲ့တို့အကြား တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
Source: အေပီ