CNI International News

ဘေရွတ်၊ ဖေဖော်ဝါရီ ၁၄

လက်ဘနွန်နှင့် အစ္စရေးအကြား နယ်စပ်ဒေသ အငြင်းပွားမှုများကို ကျေအေးစေရန် အပြင် အစ္စရေးနှင့် ရန်လိုမှု များအား အဆုံးသတ်စေရန်အတွက် ပြင်သစ်က လက်ဘနွန်အစိုးရကို အဆိုပြုစာတစ်စောင် ပေးပို့ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအဆိုပြုစာထဲတွင် လက်ဘနွန်နှင့် အစ္စရေးထိစပ်နေသည့် ၁၀ ကီလိုမီတာ (၆ မိုင်) အကွာအဝေးရှိ နယ်စပ် ဒေသမှ ဟစ်ဇ်ဘိုလာတပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းရန်လည်း အကြံပြုထားသည်။

ထိုအစီအစဉ်သည် အစ္စရေးနှင့် အီရန်က ထောက်ပံ့ပေးထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား တိုက်ခိုက်မှုများကို အဆုံးသတ်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ 

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ အဖွဲ့အကြား ရန်လိုမှုများသည် မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေသို့ ဦးတည်နိုင် မည့် အခြေအနေကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

ရှေ့တန်းစစ်မျက်နှာတစ်ခုကိုတွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြင်သစ်ဝန်ကြီးချုပ် စတက်ဖန် ဆီဂျွန် (Stephane Sejourne) က လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ် မီကာတီ (Najib Mikati) ကို ပေးပို့ခဲ့သည့် အဆိုပြုစာထဲတွင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင် သော ပဋိပက္ခအား ဟန့်တားရန်နှင့် အပစ်အခတ်ရပ်စဲရန် တိုက်တွန်းထားသည်ဟု ပြင်သစ်နှင့် လက်ဘနွန်အရာရှိ များက ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကမူ ဂါဇာစစ်ပွဲ မပြီးမချင်း အစ္စရေးနှင့် တရားဝင် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်မည်မဟုတ် ကြောင်း ငြင်းဆိုထားသည်။

ပြင်သစ်၏ အဆိုပြုစာနှင့်ပတ်သက်ပြီး အလားတူ စေ့စပ်ညှိနှိုင်းမှုများကို အမေရိကန်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ သံတမန် အာမို့စ်ဟော့ချ်စတိန်း (Amos Hochstein) ကလည်း ထုတ်ပြန်ခဲ့ဖူးသည်။

ပြင်သစ်သည် လက်ဘနွန်ကို ထိုကဲ့သို့ အဆိုပြုစာ ပေးပို့ခဲ့သည်ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်ပြီး ယခင်က သတင်းများ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။

ပြင်သစ်၏ သံတမန်တစ်ဦးကမူ ထိုအကြံပြုစာကို အစ္စရေးနှင့် လက်ဘနွန် အစိုးရများအပြင် ဟစ်ဇ်ဘိုလာအဖွဲ့ကို ပါ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံသည် လက်ဘနွန်နိုင်ငံနှင့် သမိုင်းဝင် ဆက်ဆံရေးရှိခဲ့ပြီး လက်ဘနွန်တွင်ရှိသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များထဲတွင် ပြင်သစ်စစ်သား ၈၀၀ ခန့်ပါဝင်ပြီး လက်ဘနွန်တွင် ပြင်သစ် နိုင်ငံသား ၂၀၀၀၀ ခန့် နေထိုင်လျက်ရှိသည်။

Source: ရိုက်တာ