CNI International News

ဂူဝါဟတီ၊ ဖေဖော်ဝါရီ ၁၄

ULFA-I အကြီးအကဲ ပါရတ်ရှ် ဘာရူအာ (Paresh Baruah) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ခဲ့ချိန်က လုပ်ကြံ သတ်ဖြတ်ခံရမည့် ကြိုးပမ်းမှု ၄ ကြိမ် ကြုံတွေ့ခဲ့ပြီး အသက်ရှင်လျက် လွတ်မြောက်ခဲ့ကြောင်း Northeast Now မှ ဖော်ပြခဲ့သည်။

ထိုအကြောင်းအရာကို နာမည်ကြီး သတင်းထောက် ရာဂျိဗ် ဘာတာချာယာ  (Rajeev Bhattacharyya) က ၎င်း၏ နောက်ဆုံးထုတ်ဝေသည့် “ULFA: The Mirage of Dawn” အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၁ ရက်က နယူးဒေလီ (New Delhi) တွင် ထုတ်ဝေခဲ့သည့် ထိုစာအုပ်၌ အဆိုပါ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများအပြင် ဘာတာချာယာက ULFA အဖွဲ့ ၊ ပါကစ္စတန်နှင့် ဘူတန်နိုင်ငံတို့အကြား ဆက်နွှယ်မှုများကို ရေးသားဖော်ပြထားသည်။

ထိုစာအုပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဆက်ချာရီ (Satcherri) ရှိ ULFA ၏ စခန်းတစ်ခုတွင် အာသံ (Asam) ပြည်နယ် ရဲတပ်ဖွဲ့၏ အထူးတပ်ဖွဲ့က စေလွှတ်ခဲ့သူတစ်ဦးသည်  ဘာရူအာကို လုပ်ကြံရန် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုပထမအကြိမ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတွင် ဘာရူအာသည် ထိုစခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

သတင်းထောက် ရာဂျိဗ် ဘာတာချာယာ စာအုပ် သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ် 

ဒုတိယအကြိမ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ဆက်နွှယ်မှုရှိ သည့် အာသံပြည်နယ်၏ ထိပ်သီးရဲအရာရှိတစ်ဦးက ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း အောင်မြင်မှုမရှိခဲ့ဟု ဆိုသည်။

ထိုရဲအရာရှိသည် ULFA အဖွဲ့ထဲသို့ ထည့်သွင်းထားသည့် သူလျှိုတစ်ဦးဖြစ်သည့် မူနာ မီရှာရာ (Munna Mishra) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ဝင်ပြီး ဘာရူအာကို ပစ်မှတ်ထားရန် စည်းရုံးသွေးဆောင်ခဲ့သည်ဟု ထိုစာအုပ်တွင် ဖော်ပြထားသည်။

ထို့နောက် တတိယအကြိမ်မြောက် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတွင်လည်း မီရှာရာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း ဝင်ရောက်ပြီးနောက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသဖြင့် အောင်မြင်ခဲ့ခြင်းမရှိခဲ့ပေ။

သို့သော် မီရှာရာသည် ဒါကာ (Dakha) မြို့တော်ရှိ အိန္ဒိယမဟာမင်းကြီးရုံးမှ ထိပ်သီးအရာရှိတစ်ဦး၏ ကူညီပေးမှု ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

စတုတ္ထအကြိမ်မြောက် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုသည် ဒါကာမြို့တော်တွင်ဖြစ်သည်။

ဒါကာမြို့တော်တွင် ဘာရူအာသည် လူစည်ကားသည့် နေရာတစ်ခု၌ ကားဖြင့် ခရီးသွားနေစဉ် လူတစ်ဦးက ကျောက်ခဲဖြင့် ပစ်ပေါက်ခဲ့သော်လည်း ကား၏ လေကာမှန်ကိုသာထိမှန်ပြီး မှန်ကွဲသွားခဲ့သော်လည်း ဘာရူအာ သည် အသက်အန္တရာယ်မရှိဘဲ လွတ်မြောက်ခဲ့သည်ဟု ဘာတာချာယာ၏ စာအုပ်တွင် ဖော်ပြခဲ့သည်။

Source: Northeast Now