CNI International News

နယူးဒေလီ၊ ဇန်နဝါရီ ၂

အမေရိကန်မြေပေါ်တွင် ဆစ်ခ်ခွဲထွက်ဝါဒီတစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတစ်ခုကို အမေရိကန်အစိုးရ က ဟန့်တားနိုင်​​ကြောင်း လန်ဒန်အခြေစိုက် Financial Times သတင်းစာက ဖော်ပြခဲ့ပြီးနောက် အိန္ဒိယနှင့် အမေရိကန်အကြား ဆက်ဆံရေး ကတောက်ကဆ ဖြစ်လာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

Financial Times သတင်းစာ ဖော်ပြချက်တွင် နယူးယောက်အခြေစိုက် ဆစ်ခ်ခွဲထွက်ဝါဒီ တစ်ဦးဖြစ်သူ အမေရိကန်-ကနေဒါ နှစ်နိုင်ငံသားအဖြစ် ခံယူထားသည့် ဂူရာပက်ဝန့် ဆင်း ပန်နန် (Gurpatwant Singh Pannun) အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတစ်ခုတွင် အိန္ဒိယအေးဂျင့်များ ပါဝင်နေကြောင်းနှင့် ထိုကြံစည်မှု ကို အမေရိကန်အစိုးရက ဟန့်တားနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

အိန္ဒိယအစိုးရသည် ပန်နန်ကို အိန္ဒိယအစိုးရအား ဆန့်ကျင်သည့် အကြမ်းဖက် ခြိမ်းခြောက်မှုများ ထုတ်ပြန်နေမှု ဖြင့် အကြမ်းဖက်သမားအဖြစ် စာရင်းသွင်းထားသည်။

 ဆစ်ခ်ခွဲထွက်ဝါဒီ ဂူရာပက်ဝန့်ဆင်းပန်နန်ကို တွေ့ရစဉ်

အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)သည် ပုံမှန်အားဖြင့် မီဒီယာများနှင့် အင်တာဗျူး ပြုလုပ်လေ့မရှိသော် လည်း ထိုသတင်းနှင့်ပတ်သက်ပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် Financial Times သတင်းစာနှင့် အင်တာဗျူး ပြုလုပ် ခဲ့သည်။

ထိုအင်တာဗျူးတွင် မိုဒီက ပန်နန်အား လုပ်ကြံရန် ကြံစည်မှု၌ အိန္ဒိယအေးဂျင့်များ ပါဝင်နေသည်ဆိုသည့်် အမေရိကန်၏ စွပ်စွဲချက်များသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နှစ်နိုင်ငံအကြား ဆက်ဆံရေးများကို ထိခိုက် စေခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဖြစ်စဉ်အချို့ကို နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးများနှင့် ချိတ်ဆက်ရန် သင့်တော်သည်ဟု မထင် ကြောင်း၊ ထိုဖြစ်စဉ်နှင့််ပတ်သက်ပြီး အိန္ဒိယသည် အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မိုဒီက ပြောကြားခဲ့သည်။

အမေရိကန်နဲ့ အိန္ဒိယအလံကိုတွေ့ရစဉ်

ဒီဇင်ဘာ ၁၂ ရက်က အမေရိကန်၏ ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) အကြီးအကဲ ခရစ္စတိုဖာ ဝရေး (Christopher Wray) သည် နယူးဒေလီမြို့တော်သို့ လာရောက်ခဲ့သည်။

ထိုခရီးစဉ်သည် ပန်နန်၏ ဖြစ်စဉ်နှင့် ဆက်နွှယ်မှု ရှိနိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့သည်။ 

ထို့ပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် အိန္ဒိယ၏ သမ္မတနိုင်ငံနေ့ (Republic Day) ဖြစ်သည့် ဇန်နဝါရီ ၁၃ ရက်တွင် အိန္ဒိယသို့ လာရောက်လည်ပတ်ရန် မိုဒီ၏ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ပြီး ထိုသို့ ငြင်းဆိုရ သည့် အကြောင်းရင်းကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် အိန္ဒိယတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်တို့ ပါဝင်သော Quad အဖွဲ့ အစည်းအဝေးကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်။

ထိုဖြစ်စဉ်များအရ ဆစ်ခ်ခွဲထွက်ဝါဒီ ပန်နန်၏ ဖြစ်စဉ်သည် အမေရိကန်နှင့် အိန္ဒိယအကြား ဆက်ဆံရေးများကို တင်းမာစေသည့် လက္ခဏာများ ဖြစ်နေသည်ဟု နယူးဒေလီအခြေစိုက် မူဝါဒ သုတေသနစင်တာမှ ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ ဆူရှန့် ဆင်း (Sushant Singh) က ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား