CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၈

အမေရိကန်သည် ပါကစ္စတန်နှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းနေသော်လည်း အိန္ဒိယနှင့် အမေရိကန်ကြား ဆက်ဆံရေးကို ထိခိုက်စေမည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

အိန္ဒိယသည် အမေရိကန်နှင့် ဆက်ဆံရေး မရှိသည့် အခြားနိုင်ငံများဖြင့် ဆက်ဆံနေသကဲ့သို့ အမေရိကန်နှင့် ပါကစ္စတန် ဆက်ဆံရေးသည်လည်း အလားတူ ပုံစံမျိုးဖြစ်ကြောင်း ရူဘီယိုက ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့တော်သို့ သွားရောက်သည့် လေယာဉ်ပေါ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒါက ပြည့်စုံပြီး လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျနော်တို့နဲ့ ပါကစ္စတန် ရဲ့ ဆက်ဆံရေးဟာ ကျနော်တို့နဲ့ အိန္ဒိယကြားက နက်ရှိုင်းမှု သမိုင်းဝင်မှုနဲ့ အရေးကြီးတဲ့ ဆက်ဆံရေး ဒါမှမဟုတ် ခင်မင်ရင်းနှီးမှုကို ထိခိုက်စေမှာ မဟုတ်ပါဘူး”ဟု ရူဘီယိုက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တွေ့ရစဉ် 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် ပါကစ္စတန်နိုင်ငံအပေါ် အလေးထား လာခဲ့သည့် အမေရိကန်၏ မူဝါဒသည် အိန္ဒိယကို ဒေါသထွက်စေခဲ့သည်။

ထို့ပြင် ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီကြား ဆက်ဆံရေးများ ကတောက်ကဆ ဖြစ်နေချိန်တွင် အမေရိကန်က ပါကစ္စတန်နှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

နျူကလီးယား လက်နက်များ ကိုယ်စီ ပိုင်ဆိုင်ထားကြသည့် အိမ်နီးချင်း နိုင်ငံများဖြစ်သော ပါကစ္စတန်နှင့် အိန္ဒိယ တို့သည် မေလက နယ်စပ်ဒေသတွင် ၄ ရက်ကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တင်းမာမှုများ မြင့်တက်ခဲ့ သည်။

Source: South China Morning Post