CNI International News

ဝါရှင်တန်၊ မတ်လ ၂၃ 

အမေရိကန်အစိုးရသည် အာရုနာချယ်ပရာဒေ့ရှ် (Arunachal Pradesh) ဒေသကို အိန္ဒိယ၏ နယ်နိမိတ်တစ်ခု အဖြစ် အသိအမှတ်ပြုထားပြီး ထိုဒေသကို ပိုင်ဆိုင်ကြောင်း ကြေညာသည့် တရုတ်၏ တစ်ဖက်သတ် အားထုတ် ကြိုးပမ်းမှုများကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗီဒန့် ပက်တယ်လ် (Vedant Patel) က ပြောကြားခဲ့သည်ဟု DND India သတင်းဝက်ဘ်ဆိုက် မှ ဖော်ပြခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီ (Narendra Modi)သည် အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ စတင်လုပ်ဆောင်ခဲ့သည်။

ထို့နောက် တရုတ်စစ်တပ်က ထိုဒေသကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။ 

တရုတ်၏ ကြေညာချက် ထွက်ပေါ်လာပြီး ရက်ပိုင်းအကြာတွင် အမေရိကန်က တရုတ်၏ ကြေညာချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 အာရုနာချယ်ပရာဒေ့ရှ် ဒေသကို အိန္ဒိယပြည်ထဲရေး၀န်ကြီး လာရောက်စဉ်

ယခုသီတင်းပတ် အစောပိုင်းက တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်သည် အာရုနာချယ်ပရာဒေ့ရှ်ဒေသကို ပိုင်ဆိုင်ကြောင်း ထပ်မံပြောကြားခဲ့သလို ထိုဒေသသည် တရုတ်နယ်နိမိတ်၏ ရှိရင်းစွဲ ဇန်ဂန် (Zangan) ဒေသ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် တရုတ်အစိုးရအနေဖြင့် အာရုနာချယ်ပရာဒေ့ရှ်ဟူသည့် အမည်ဖြင့် ပြည်နယ်ထူထောင်ခဲ့သည့် အိန္ဒိယ၏ တရားမဝင် လုပ်ဆောင်ချက်ကို မည်သည့်အခါကမျှ အသိအမှတ်မပြုခဲ့ဘဲ ပြင်းထန်စွာ ဆန့်ကျင်ကြောင်းလည်း တရုတ်စစ်တပ်က ပြောကြားခဲ့သည်။

"ဇန်ဂန်ဟာ တရုတ်ရဲ့ ရှိရင်းစွဲ နယ်မြေတစ်ခု ဖြစ်ပါတယ်။ တရုတ်ဟာ အာရုနာချယ်ပရာဒေ့ရှ် လို့ခေါ်တဲ့ အိန္ဒိယရဲ့ တရားမဝင် ပြည်နယ်ထူထောင်မှုကို ဘယ်တုန်းကမှ အသိအမှတ်မပြုဘဲ ပြင်းထန်စွာ ကန့်ကွက်ပါတယ်" ဟု တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ဗိုလ်မှူးချုပ် ကျန်းရှောင်ကန် (Zhang Xiaogang) က မတ်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

 အာရုနာချယ်ပရာဒေ့ရှ် ဒေသက တစ်နေရာကို တွေ့ရစဉ်

ထိုပြောကြားချက်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြင်ကို သတင်းထောက်များက မေးမြန်းရာတွင် ပက်တယ်လ်က "အမေရိကန်ပြည်ထောင်စုဟာ အာရုနာချယ်ပရာဒေ့ရှ်ဒေသကို အိန္ဒိယရဲ့ နယ်မြေတစ်ခုအဖြစ် အသိအမှတ် ပြုထားပါတယ်။ ပြီးတော့ နယ်စပ်ဒေသတစ်လျှောက် စစ်ဘက်အရ သော်လည်း ကောင်း အရပ်ဘက်အရသော်လည်းကောင်း အဲဒီဒေသကို သိမ်းပိုက်ဖို့ ဒါမှမဟုတ် ထိပါးဖို့ လုပ်ဆောင်တဲ့ တစ်ဖက်သတ် ကြိုးပမ်းမှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်" ဟု ဖြေကြားခဲ့သည်။ 

အိန္ဒိယအစိုးရကလည်း အာရုနာချယ်ပရာဒေ့ရှ်ဒေသကို ပိုင်ဆိုင်ကြောင်း ထွက်ဆိုထားသည့် တရုတ်၏ ကြေညာ ချက်များကို မကြာခဏ ငြင်းဆိုခဲ့ပြီး ထိုပြည်နယ်သည် အိန္ဒိယ၏ ခွဲခြားမရနိုင်သည့် နယ်မြေအစိတ်အပိုင်း ဖြစ်ကြောင်း  ပြောကြားခဲ့သည်။  

"အာရုနာချယ်ပရာဒေ့ရှ်ဟာ အိန္ဒိယရဲ့ ခွဲခြားမရနိုင်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲတမ်း တည်ရှိနေမှာပါ။ အဲဒီ ပြည်နယ်မှာ နေထိုင်သူတွေဟာ အိန္ဒိယအစိုးရရဲ့ စီမံကိန်းတွေကြောင့် ဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိခံစားရပါ လိမ့်မယ်" ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

Source: DND India