CNI International News

နယူးဒေလီ၊ မတ်လ ၃၀ 

တရုတ်သည် အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ဒေသကို ပိုင်ဆိုင်ကြောင်း အခြေအမြစ်မရှိသည့် ထွက်ဆိုချက်များကို သူတို့ဆန္ဒရှိသည့် အချိန်တိုင်း ထပ်တလဲလဲ ပြောဆိုနိုင်ဖွယ်ရှိသော်လည်း အခြေအနေမှာ ပြောင်းလဲလာမည် မဟုတ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု Hindustan Times မှ ဖော်ပြခဲ့သည်။ 

အာရုနာချယ်ပရာဒေ့ရှ်သည် အိန္ဒိယ၏ ခွဲခြားမရနိုင်သည့် နယ်မြေ အစိတ်အပိုင်း ဖြစ်သည်ဟုလည်း အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မတ်လ ၂၈ ရက်က ပြုလုပ်ခဲ့သည့် အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရန်ဟီယာ ဂျိုင်စဝယ် (Randhir Jaiswal)က "အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်နဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ သဘောထားကတော့ ရှင်ပါတယ်။ ဒီလိုထုတ်ပြန်ချက်မျိုးကိုလည်း မကြာခင်က ထုတ်ပြန်ခဲ့ဖူးပါ တယ်။ တရုတ်ဟာ အခြေအမြစ်မရှိတဲ့ စကားတွေကို သူတို့ပြောချင်တဲ့ အချိန်တိုင်း ပြောနေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုပြောနေတာတွေက အခြေအနေကို ပြောင်းလဲမသွားစေပါဘူး။ အာရုနာချယ်ပရာဒေ့ရှ်ဟာ အိန္ဒိယရဲ့ ခွဲခြား မရတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့ပြီး နောက်လည်း အိန္ဒိယရဲ့ အစိတ်အပိုင်းအဖြစ် ဆက်လက် တည်ရှိနေမှာပါ" ဟု ပြောကြားခဲ့သည်။

အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်အတွင်းက မြို့တစ်မြို့ကို တွေ့ရစဉ်

တရုတ်သည် အာရုနာချယ်ပရာဒေ့ရှ်ကို ပိုင်ဆိုင်ကြောင်း နောက်တစ်ကြိမ် ထပ်မံပြောကြားခဲ့ပြီး ရက်ပိုင်းအကြာ တွင် ဂျိုင်စ်ဝယ်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်က အိန္ဒိယအခေါ် အာရုနာချယ်ပရာဒေ့ရှ်ဒေသကို တရုတ်အခေါ် ကျန်းနန်အန်း (Zangn--an) ဒေသဟု ခေါ်ဆိုခဲ့ပြီး တရုတ်၏ ရှေးဟောင်းနယ် နိမိတ်တစ်ခုဖြစ်ကြောင်း၊ တရုတ်အစိုးရသည် အာရုနာချယ်ပရာဒေ့ရှ်ဟု ခေါ်သည့် အိန္ဒိယ၏ တရားမဝင် ပြည်နယ်ထူထောင်မှုကို ဆန့်ကျင်ကြောင်းနှင့် အသိအမှတ်မပြုကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုပြောကြားချက် ထွက်ပေါ်ခဲ့ပြီးနောက် အိန္ဒိယက တရုတ်၏ ပြောကြားချက်များသည် အခြေအမြစ်မရှိကြောင်း၊ မဟုတ်တမ်းတရား ပြောဆိုမှုများဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အာရုနာချယ်ပရာဒေ့ရှ် သည် အိန္ဒိယ၏ ခွဲခြားမရနိုင်သည့် နယ်မြေအစိတ်အပိုင်းဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်အတွင်းက တိဘက် ကိုရင်များကို တွေ့ရစဉ်

ထို့ပြင် အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်တွင် နေထိုင်သူများသည် အိန္ဒိယ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် အခြေခံ အဆောက်အအုံ ပရော်ဂျက်များထံမှ အကျိုးအမြတ်များ ဆက်လက် ရရှိလိမ့်မည်ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၃ ရက်ကလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar) က အာရုနာချယ် ပရာဒေ့ရှ်ပြည်နယ်သည် အိန္ဒိယ၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်၏ ပြောကြားချက်များသည် အဓိပ္ပာယ်မရှိကြောင်း၊ အာရုနာချယ်ပရာဒေ့ရှ်သည် အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံတစ်နိုင်ငံ၏ ပြောဆိုမှုများသည်  မဟုတ်မှန်ကြောင်း ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

Source: Hindustan Times