CNI International News

ဘေကျင်း၊ မတ်လ ၃၀

တရုတ်သည် အီရန်နိုင်ငံထံမှ ရေနံများ ဝယ်ယူနေခြင်းဖြင့် ၎င်း၏ စီးပွားရေးတွင် မှီခိုနေရသည့် ကုန်သွယ်ရေးကို အနှောင့်အယှက်ဖြစ်ရာ၌ ကူညီပေးရာ ရောက်နေသည်ဟု politico သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

တရုတ်သည် ပင်လယ်နီတွင် ပင်လယ်ကူးသင်္ဘော လမ်းကြောင်းများကို အနှောင့်အယှက်ပေးနေသည့် အီရန်ကို မသိလိုက်မသိဘာသာ ကူညီပေးနေပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး စီးဆင်းမှုအား ပြတ်တောက်စေကာ တရုတ်၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုပါ ထိခိုက်နစ်နာစေခဲ့သည်ဟု အနောက်အုပ်စု၏ ထောက်လှမ်းရေး အရာရှိများက ပြောကြားခဲ့သည်။

တရုတ်က အီရန်ထံမှ ရေနံများကို တရားမဝင် ဝယ်ယူနေခြင်းသည် ပင်လယ်နီတွင် ဟူရ်သီသူပုန်များ၏ တိုက်ခိုက်မှုများအတွက် သွယ်ဝိုက်ပြီး ငွေကြေးထောက်ပံ့ရာ ရောက်နေသည်ဟု ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်း၏ ၁၅ ရာခိုင်နှုန်းခန့်သည် အေဒင်ပင်လယ်ကွေ့မှ ပင်လယ်နီ၊ စူးအက်တူးမြောင်းတို့ကိုဖြတ်ပြီး အာရှနှင့် ဥရောပကို ဆက်သွယ်သည့် ကုန်သွယ်ရေးလမ်းကြောင်းများ ဖြစ်သည်။

တရုတ်သည် အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRCG) ၏ အရန်တပ်ဖွဲ့ဖြစ်သည့် Quad တပ်ဖွဲ့က ရောင်းချသော ရေနံစိမ်းများ အပါအဝင် အီရန်၏ ရေနံ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို ဝယ်ယူလျက်ရှိသည်။ 

 ကုန်တင်သင်္ဘောကို တွေ့ရစဉ်

Quad တပ်ဖွဲ့သည် အီရန်၏ ပြည်ပစစ်ဆင်ရေးများကို တာဝန်ယူရပြီး အရှေ့အလယ်ပိုင်း ဒေသအနှံ့တွင် အီရန်၏ အကျိုးဆောင် လက်နက်ကိုင်အဖွဲ့များကို စစ်သင်တန်းပေးခြင်း ငွေကြေးထောက်ပံ့ခြင်းတို့ လုပ်ဆောင်ပေး နေသည်။ 

ဥပမာပြရမည်ဆိုပါက အီရန်၏ Quad တပ်ဖွဲ့သည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ယီမင်ရှိ ဟူရ်သီသူပုန် အဖွဲ့တို့ကို ကျောထောက်နောက်ခံ ပေးထားခြင်းဖြစ်သည်။ 

တရုတ်သည် အီရန်ထံမှ ရေနံများဝယ်ယူသည်။ အီရန်သည် ရေနံရောင်းချရသည့် ငွေများဖြင့် ဟူရ်သီကဲ့သို့ လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ပေးထားသည်။

ထို့ကြောင့် တရုတ်သည် ပင်လယ်နီတွင် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဟူရ်သီအဖွဲ့ကို သွယ်ဝိုက်သည့် သဘောဖြင့် ငွေကြေးထောက်ပံ့ပေးရာ ရောက်နေကြောင်း အနောက်နိုင်ငံများက ပြောကြားခဲ့သည်။ 

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို တရုတ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ချက်ချင်း မှတ်ချက်မပေးခဲ့ပေ။

Source: Politico