CNI International News

ကိုင်ရို၊ မတ်လ ၃၀

ယီမင်နိုင်ငံရှိ ဟူရ်သီသူပုန်အဖွဲ့၏ တိုက်ခိုက်မှုများသည် သီတင်းပတ် အနည်းငယ်ကြာ ငြိမ်သက်နေပြီးနောက် မတ်လ ၂၇ ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများအပေါ် စိုးရိမ်ပူပန်မှုများ တစ်ကျော့ပြန် မြင့်တက်လာစေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အထူးသဖြင့် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ထိန်းချုပ် ပိတ်ဆို့ထားသဖြင့် အရေး ပါသော ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုမှာ ရပ်တန့်လုနီးပါး ဖြစ်နေချိန်တွင် ပင်လယ်နီ (Red Sea)ရှိ ကုန်သွယ် ရေး လမ်းကြောင်းပါ ထပ်မံ အနှောင့်အယှက် ဖြစ်လာနိုင်ခြေ ရှိနေသည်။

ဟူသီအဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းတို့သည် အစ္စရေးတောင်ပိုင်းရှိ  စစ်ဘက်ဆိုင်ရာ နေရာများကို ဒုံးကျည် အများအပြားဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ပင်လယ်နီမှာ ရေနံတင် သင်္ဘောတိုက်ခိုက်ခံရစဉ်

ထိုတိုက်ခိုက်မှုသည် အီရန်စစ်ပွဲ စတင်ကတည်းက ဟူရ်သီအဖွဲ့၏ ပထမဆုံး တိုက်ခိုက်မှုဖြစ်သည်။

အစ္စရေးစစ်တပ်ကမူ ယီမင်နိုင်ငံဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ထို့ပြင် ဟူသီသူပုန်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီ ဒက်ဖရင် (Effie Defrin) က မိမိတို့အနေဖြင့် စစ်မျက်နှာ အများအပြားဖွင့်ပြီး တိုက်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက ဂါဇာတွင် ဖြစ်ပွားခဲ့သော အစ္စရေး-ဟားမာ့စ်  စစ်ပွဲအတွင်းကလည်း ဟူရ်သီအဖွဲ့သည် ပါလက်စတိုင်းများဘက်မှ ရပ်တည်ကြောင်း ပြသရန်အတွက် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်းရှိ သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္ပဏီများသည် ကုန်ကျစရိတ် များပြားလှသော လမ်းကြောင်းသစ်များကို ရွေးချယ်ကာ ပင်လယ်နီကို ရှောင်ကွင်းမောင်းနှင်ခဲ့ကြရသည်။

ဟူရ်သီသူပုန်ကိုတွေ့ရစဉ်

လက်ရှိတွင်လည်း အမေရိကန်နှင့် အစ္စရေးတို့ အနေဖြင့် အီရန်ကို တိုက်ခိုက်ရန်အတွက် ပင်လယ်နီကို အသုံးပြုခွင့် ရရှိလိမ့်မည် မဟုတ်ကြောင်း၊ မိမိတို့၏ လက်ချောင်းများသည် သေနတ် မောင်းခလုပ်များပေါ်တွင် တင်ထား ကြောင်း ဟူရ်သီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယာယာ ဆာရီ (Yahya Saree) က မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အီရန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ဆော်ဒီနိုင်ငံသည် ၎င်း၏ ရေနံတင်ပို့မှု အများစုကို ဟော်မုဇ် ရေလက် ကြားမှတဆင့် မပို့ဆောင်တော့ဘဲ ပင်လယ်နီလမ်းကြောင်းသို့ ပြောင်းလဲပို့ဆောင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားတွင် ၎င်းတို့ကို ရန်လိုနေသည့် အင်အားကြီး နိုင်ငံများ၏ သင်္ဘောများ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားကြောင်း ကြေညာထားသဖြင့် ဆော်ဒီက ပင်လယ်နီမှတဆင့် လမ်းကြောင်းပြောင်းပြီး ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

Source: အေပီ