CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေပြီး နိုင်ငံရေး အကျပ်အတည်းနှင့် စီးပွားရေး အကျပ်အတည်းများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံကို ပြန်လည် တည်ဆောက်ရန်အတွက် ဘယ်လိုအစိုးရ တစ်ရပ် လိုအပ်နေလဲ ဆိုသည့်အပေါ် အားလုံးက မေးခွန်းထုတ် စောင့်ကြည့်နေကြသည်။
လက်ရှိ ရွေးကောက်ပွဲအလွန်တွင် ဖြစ်လာမည့် အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်သည့် ဗဟိုအစိုးရ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများ ဖြစ်ရန်လိုအပ်နေကြောင်း၊ ထိုအစိုးရများက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးဆောင်ရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အန်ကယ်တို့က ရွေးကောက်ပွဲအလွန်မှာ ဖြစ်လာမယ့်အစိုးရ ဗဟိုမှာရှိမယ်၊ ပြည်နယ်မှာ ရှိမယ်နော်။ အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တဲ့ လွတ်လပ်ရေး ခေတ်လွန်ပေါ့ဗျာ၊ နှစ် ၈၀ ပြည်တွင်းပဋိပက္ခကို ချုပ်ငြိမ်းနိုင်တဲ့၊ အသစ်ပြန်စတဲ့ အစိုးရတစ်ရပ် လာမယ့် ၅ နှစ် အခုပေါ့ဗျာ။ ဒီကနဦး ၅ နှစ်အနေနဲ့ ဖြတ်သန်းဖို့လိုတယ်။ အဲဒါကြောင့် အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်တဲ့ ဗဟိုအစိုးရနော်၊ ပြည်နယ်တိုင်းအစိုးရပေါ့ဗျာ။ အဲဒီအစိုးရတွေကလည်းပဲ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးဆောင်ဖို့လို အပ်တာပေါ့။ အဲဒါကြောင့်လည်း ဒို့တာဝန်အရေးသုံးပါးထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် အဓိက ကျတယ်ဆိုတာလေး။ ဆိုတော့ ခုနက အမျိုးသားပြန်လည်ရင်ကြားစေ့အောင် လုပ်နိုင်မယ်ဆိုရင် ခုနက တည်ငြိမ်အေးချမ်းမှု ရလာမှာပေါ့။ ခုနက ခိုးဆိုးလုယက် ကြတယ်ဆိုတာက ပြည်တွင်း မငြိမ်းချမ်းမှု၊ တစ်နည်း အားဖြင့် တရားဥပဒေ မစိုးမိုးနိုင်မှုတွေကို အခွင့်အရေးယူပြီးကာမှ တောကြောင် လက်ခမောင်း ခတ်တယ်ဆိုတာ အဲဒါပေါ့။ တောမီးလောင်ရင်လေ။ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုနဲ့ တရားဥပဒေစိုးမိုးမှုကို အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်တဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရ လိုအပ်တာပေါ့။ သူတို့ရဲ့တာဝန် သူတို့ရဲ့ ကဏ္ဍတွေ အောင် မြင်နိုင်အောင် အန်ကယ်တို့ဘက်ကလည်း ပူးပေါင်းကူညီ အတူလက်တွဲ ဆောင်ရွက်ကြရတော့မှာပေါ့”ဟု ပြော သည်။

တပ်မတော်၊ လက်နက်ကိုင်၊ ငြိမ်းချမ်းရေးအကျိုးဆောင်နှင့် ထိုင်းသံရုံး တာဝန်ရှိသူများကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးရပြီး မတ်လမှာပဲ ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့ရာ ယနေ့အထိဆိုလျှင် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။
ထို့နောက် ပြည်တွင်း စစ်ပြေးရှောင်နေရသူ ၄ သန်းဝန်ကျင်ရှိပြီး နေအိမ် အပါအဝင် ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ ဖျက်ဆီးခံထားရကြောင်း၊ စီးပွားရေး ကျဆင်းလာသလို တရားဥပဒေ စိုးမိုး မှုများ အားနည်းလာနေကြောင်း၊ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများ ကြီးထွားလာနေ ကြောင်း၊ စိုက်ပျိုးရေးနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှု လုပ်ငန်းများ ထိခိုက်ဆုံးရှုံးလာနေကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေကို တည်ငြိမ် အောင်ထိန်းနိုင်သည့် အစိုးရမျိုး ပေါ်ပေါက်ရန်လိုသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံတော်အကြီးအကဲများကို တွေ့ရစဉ်
၎င်းက “ဒီအခြေအနေကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းနိုင်တဲ့ အစိုးရမျိုး ပေါ်ပေါက်ဖို့လိုတယ်ဗျ။ ကျနော်တို့ အခုလက်ရှိ အခြေအနေကိုလည်း အားလုံးသိတဲ့ အတိုင်းပဲလေ။ ကျနော်တို့ အခြေအနေက သောင်းကျန်းသူတွေ၊ ဆူပူထကြွမှုတွေရှိနေတဲ့ ဒါတွေကို ထိန်းချုပ်နိုင်ရမယ်၊ စီးပွားရေးဖွံ့ဖြိုးမှုတွေ တိုးတက်လာအောင် လုပ်ရမယ်၊ အ ပြိုင်အဆိုင် စနစ်တွေ ဒီမိုကရေစီကျကျ အဲဒီလို ပေါ်လာရင်၊ စျေးကွက် စီးပွားရေးစနစ်အတိုင်း ပေါ်လာရင် စျေး တွေ ကျလာမယ်၊ ကုန်စျေးနှုန်းတွေ ကျလာဖို့က အရေးကြီးတယ်လေ။ ဒါမျိုးတွေ ကျနော်တို့ ဆောင်ရွက်ဖို့ လို တယ်ဗျ။ ကျနော်တို့မှာလည်း အတွေ့အကြုံရှိပါတယ်၊ နောက်တစ်ခါ အတွေ့အကြုံရှိတဲ့ လူကြီးတွေလည်း ဆက် ပြီးတော့ တာဝန်ယူမှာ ဖြစ်တယ်။ ဒီနေ့ဆိုရင် ကျနော်တို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျနော်တို့ ပြည်သူ့ လွှတ်တော်က ဒါ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တယ်ဆိုတော့ ဒါသူသမ္မတဖြစ်ဖို့ ရာခိုင်နှုန်းများ ပါတယ်။ သူဆက်ပြီးတော့ လုပ်မယ်ဆိုရင် တိုင်းပြည်က ပိုပြီးတော့ stability ဖြစ်မှာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရှည်လျားသော အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေရန် အမျိုးသားရင်ကြားစေ့ရေး၊ ဖက်ဒရယ်စနစ် အခြေခံသော ဒီမိုကရေစီ၊ အဂတိကင်းရှင်းပြီး ပြည်သူ့အကျိုးကို အဓိကထားသည့် အားကောင်းသော အစိုးရသစ် ပေါ်ပေါက်လာရန် လိုအပ်ကြောင်း ပြည်သူလူထုက ထောက်ပြသည်။
နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ပွင့်လင်းမြင်သာမှုရှိပြီး တရားဥပဒေစိုးမိုးမှုကို ဦးစားပေး ဆောင်ရွက်နိုင်သော အစိုးရမျိုးလည်း လိုအပ်ကြောင်း ပြည်သူလူထုက ထောက်ပြကြသည်။
