CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားဒေသအတွင်းမှာ မည်သည့် လက်နက်ကိုင်နှင့် နိုင်ငံရေးအဖွဲ့များကိုမျှ လက်ခံ ထားခြင်းမရှိဘူးဟု NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့၏ ပြောစကားသည် တည်ငြိမ်ရေးကို ဦးစားပေးနေပုံရသည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)မှ ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ဒုဥက္ကဋ္ဌ ဦးဆန်လူ၊ အထွေထွေအ တွင်းရေးမှူး ဦးကြည်မြင့်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်က တြိဂံတိုင်းစစ်ဌာနချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် ဦးစန်ပေ့က မိမိတို့ မည်သည့် လက်နက်ကိုင်နှင့် နိုင်ငံရေးအဖွဲ့များကိုမျှ လက်ခံ ထားခြင်းမရှိဘူးဟု ဦးစန်ပေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိုင်းလားဒေသအတွင်း မည်သည့်လက်နက်ကိုင်၊ မည်သည့်နိုင်ငံရေး အဖွဲ့များကိုမျှ လက်မခံထားဘူးဆိုခြင်းက ၎င်းနယ်မြေဒေသတစ်ခုသာ ငြိမ်းချမ်းရေးတွက် အာမခံချက်ပေးသည်ဆိုသည့် သဘောဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
နစကဉက္ကဋ္ဌကို တွေ့ရစဉ်
၎င်း “ဒါမျိုးကို လက်မခံထားဘူး ဆိုခြင်းအားဖြင့် သူ့နယ်မြေဒေသတစ်ခုသာ ငြိမ်းချမ်းရေးတွက် အာမခံချက်ပေး တယ်ဆိုတဲ့ သဘောတရားပဲ။ ဆိုလိုတာက ကျန်တဲ့လူတွေ လက်နက်ကိုင်တာ သူ့ဘာသူ ကိုင်တဲ့ဥစ္စာကို သူတို့က တစ်ပိုင်း ဒါပေမဲ့ ဒီကိုင်ဆောင်မှုနဲ့ ပတ်သက်လို့ သူတို့သည် ဘာမှဆက်ဆက်မှုမရှိဘူး ပတ်သက်မှု မရှိဘူးဆိုတဲ့ အနေအထားကို ဖော်ပြထားတာပဲ။ ဆိုလိုတာက သူယူထားတဲ့ ငြိမ်းချမ်းရေးအတွက် သူအာမခံချက်ပေးတယ် သူ့အနေနဲ့လည်း ပါဝင်ပတ်သက်မှုမရှိဘူး၊ ပါဝင်ပတ်သက်နေတဲ့ လူတွေနဲ့လည်း ဆက်သွယ်မှု မရှိဘူးဆိုတာ အာမခံချက်ပေးတာပဲဆိုတော့ အဲလိုမျိုးပုံစံမျိုးပေါ့။ ကျန်တဲ့ဒေသတွေ အားလုံးကလည်း လိုက်နာဆောင်ရွက်နိုင် တယ် အဲလိုသဘောထားတိုင်း ရှိမယ်ဆိုရင် နိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ အင်မတန်မှ ချောချောမွေ့မွေ့ လွယ်လွယ်ကူကူနဲ့ လျှောက်လှမ်းမှု ဖြစ်သွားပါလိမ့်မယ် အဲလိုမှ မဟုတ်ဘဲနဲ့ စောနက ပြောသလို လုပ်တာတော့ လုပ်ချင်တယ်၊ ဒါပေမဲ့ ကိုယ့်ဘက်မှာတိုက်လိုက် တစ်ဖက်က စစ်ဆင်ရေးလာလို့ရှိရင် တခြားနယ်မြေထဲ ဝင်ပြီး တော့ ပုန်းလိုက် စုလိုက်ဆိုရင်တော့ ဒါတွေက ဆက်ပြီးတော့ လက်နက်ကိုင်ပဋိပက္ခ ရှည်သွားမဲ့ အကြောင်းအရာ ထဲမှာ ပါတယ်ပေါ့။ အဲတော့ ဒါနဲ့ပက်သက်ပြီး သူ့အာမခံချက် ပေးနိုင်တယ်ဆိုတဲ့ သဘောထားကို သုံးသက်လို့ ရပါတယ်”ဟု ပြောသည်။
မိမိတို့ NDAA ၏ သဘောထားခံယူချက် အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှ ချမှတ်ထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက် ရှိကြောင်း NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့က ပြောသည်။
မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော် တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ တွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီရင်းအစ်ကို မောင်နှမများအားလုံး အနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန်လိုအပ်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဉက္ကဋ္ဌနဲ့ NDAA တွေ့ဆုံစဉ်
NDAA သည် ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများကိုတော့ လူသားချင်း စာနာထောက်ထားမှုအနေဖြင့် လက်ခံလေ့ရှိကြောင်း မြန်မာ-တရုတ်အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။
၎င်းက “ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ လက်မခံထားဘူးဆိုပေမဲ့ သူတို့ပြောထားတဲ့ စကားတစ်ခွန်း ရှိတယ်လေ လူသားချင်း ဂရုဏာထားတဲ့ ဟိုနင်းအရ(လူသားချင်းစာနာထောက်ထားမှုအရ) စိတ်စေတနာအရ ဥပမာအားဖြင့် စစ်ရှောင်တဲ့လူတွေ သို့မဟုတ် ထွက်ပြေးလာတဲ့လူတွေ လက်ခံနိုင်တာတော့ လက်ခံလို့ရတယ်လို့ ပြောတာကို အဲတော့ တချို့အဖွဲ့အစည်းက ဒဏ်ရာရတဲ့ လူတွေပဲဖြစ်ဖြစ် နေထိုင်မကောင်းတဲ့ လူတွေပဲဖြစ်ဖြစ် လက်ခံတာ တွေလည်းရှိပါတယ်။ ဒါသူတို့ အချင်းချင်းကြားမှာတော့ နားလည်မှုတော့ ရှိပါတယ်။ ဒါတွေကို လုပ်နိုင်ကိုင်နိုင် အောင် သူတို့ အချင်းချင်းကြား သူတို့အများကြီး လက်ခံတာပဲ။ ဥပမာအားဖြင့် MNDAA ၁၀၂၇ တိုက်ပွဲတွေ ဖြစ်တုန်းကလည်း အဓိက ထွက်ပြေးလာတဲ့ လူတွေအားလုံး စစ်ရှောင်လူတွေအားလုံး သူတို့လက်ခံထားတာပဲ အကုန်လုံးကျွေးပြီးတော့မှ တန့်ယန်းတို့ ဘယ်လိုခေါ်မလဲ တာချီလိတ်တို့ ဘာတို့ပို့ပေးနေတာပဲ ကားတွေနဲ့ ဗမာပြည် ပြန်ကြတဲ့စစ်ရှောင် ဟိုနင်းတွေကို သူတို့လုပ်နိုင်တဲ့ ဟာလေးတွေတော့ သူတို့လုပ်ပေးတာပေါ့”ဟု ပြောသည်။
NDAA သည် ဗမာပြည်ကွန်မြူနစ် ပါတီကနေ ခွဲထွက်၍ တပ်မတော်နှင့် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ငြိမ်းချမ်းရေး ယူခဲ့ရာ တပ်မတော်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းလားဒေသကို ဗဟိုပြု၍ အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။
ထို့နောက် NDAA အဖွဲ့ဝင်အဖြစ် ပါဝင်နေသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များထဲက AA၊ KIA၊ MNDAA၊ TNLA တို့သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေ သလို မြန်မာ့တပ်မတော်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် NUG၊ PDFs နှင့် NUCC တို့ကို လက်ခံ ထားသည်။
ထို့ကြောင့် NDAA သည် FPNCC အဖွဲ့ဝင် တချို့က မြန်မာ့တပ်မတော် သဘောမကျသော လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများကို လက်ခံထားသည့်တိုင် ၎င်းတို့ကတော့ လက်မခံထားဘူးဟု ထပ် လောင်း အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။