CNI Interview
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်းများ မရှိတော့သည့်အခါ တပ်မတော်အနေဖြင့် လွှတ်တော်ကနေ အဆင့်ဆင့် လျှော့ချသွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်ဖွဲ့များ စသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ရာနှင့်ချီ ရှိနေသည်။
အဆိုပါ လက်နက်ကိုင်ပေါင်းများစွာ တည်ရှိနေသော မြန်မာနိုင်ငံအား ဒီမိုကရေစီ ထွန်းကားရေး၊ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး အားလုံး ကြွေးကြော် တည်ဆောက်လျက်ရှိသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်
မေး ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတာပေါ့။ လက်နက်ကိုင်တွေမရှိမှ တပ်က လွှတ်တော်ထဲ မှာ ပါဝင်မှုကို လျှော့ချမယ်ပေါ့။ လက်နက်ကိုင်တွေ မရှိမှဆိုတာက မဖြစ်နိုင်ဘူးလို့ အားလုံးသိတယ်။ ဒီလိုမျိုး ပြောဆိုလိုက်တာက ဘာကြောင့်ဖြစ်နိုင်လဲ။
ဖြေ ။ ။ အဲဒါကတော့ သွယ်ဝိုက်တဲ့နည်းနဲ့ လွှတ်တော်နိုင်ငံရေးမှာ တပ်က အမြဲတမ်းပါမယ်လို့ ပြောတာနဲ့ အတူတူပါပဲ။ အကြောင်းပြချက်က မခိုင်လုံဘူးလေ။ နောက်ပြီးတော့ လက်နက်ကိုင် မရှိမှလို့ ပြောတဲ့ဟာက တစ်ခါတလေ လက်နက်ကိုင်အားလုံးက လက်မှတ် ထိုးချင်ပါပြီလို့ ပြောတာတောင်မှ တချို့ကို သူကပဲ ချန်ထား ခဲ့တာပါ။
တမင်တကာ ချန်ထားခဲ့တာ ရှိခဲ့တော့။ အဲဒီလို ချန်ထားနေသမျှတော့ ဘယ်လိုလုပ်ကုန်မလဲ လက်နက်ကိုင် က တော့။ အဲဒါကြောင့် ဒါကတော့ negative နည်းနဲ့ ပြောလိုက်တဲ့ သဘောပါပဲ
မေး ။ ။ ဒါဆို လက်နက်ကိုင်တွေ မရှိတော့မှ ဆိုတာမျိုး မဟုတ်ဘဲနဲ့ တပ်က လွှတ်တော်ထဲ ပါဝင်မှုကို ဘယ်လို လျှော့ချလို့ ရနိုင်မလဲ။
ဖြေ ။ ။ Civilian Supremacy (အစိုးရနှင့် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာကို စစ်တပ်မဟုတ်ဘဲ အရပ်သား ခေါင်းဆောင်များကသာ ပိုင်ဆိုင်ပြီး ထိန်းချုပ်ခြင်း)ပေါ့။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အရပ်ဘက် အုပ်ချုပ်ရေး အရပ်သားတွေ အစိုးရအောက်မှာ လက်နက်ကိုင်တွေ ရှိရမယ်ဆိုရင်တော့ Civilian Supremacy ကို လိုက်နာမယ် ဆိုရင်တော့ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးက အရပ်သားဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး အောက်မှာ ရှိရမယ်။
အဲဒီ ကာကွယ်ရေးဝန်ကြီးအောက်မှာမှ တပ်ကိုအုပ်ချုပ်တဲ့ တပ်ဗိုလ်တပ်မှူးတွေက ရှိတာကို။ သူတို့က နိုင်ငံရေး ကို တိုက်ရိုက် မပါဘဲနဲ့ တပ်ကနားပြီးတော့ အရပ်သားဖြစ်တော့မှ ကာကွယ်ရေးဝန်ကြီး လုပ်ရင်လည်း လုပ်ပေါ့ လေ နိုင်ငံရေးပါတီကနေ။ မလုပ်နိုင်ဘူးဆိုရင် အရပ်ဘက် Civilian Supremacy အရ ကာကွယ်ရေးဝန်ကြီးက အရပ်သားဖြစ်ရမယ်၊ အရပ်သား ကာကွယ်ရေးဝန်ကြီးအောက်မှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိမယ်ဆိုရင်တော့ လွှတ်တော်နိုင်ငံရေးမှာ ဆက်ပါဖို့ မလိုတော့ဘူးပေါ့။ Professional army ဖြစ်သွားမှာပေါ့နော်။
တခြား အိန္ဒိယ army တို့လို၊ နီပေါတို့ ဘင်္ဂလားဒေ့ရှ် army တို့လို Professional army ဖြစ်သွားရင်တော့ Civilian Supremacy ကို လိုက်နာတဲ့အတွက် ပါဖို့မလိုတော့ဘူးပေါ့။ အဲဒီပေါ်လစီကို အဓိက ပြောရမှာဖြစ်ပါတယ်
မေး ။ ။ တကယ်လို့ စစ်တပ်အနေနဲ့ လက်နက်ကိုင်တွေ လုံးဝ မရှိတော့အောင် လုပ်ဆောင်မယ်ဆိုရင်ရော ဘယ်လို လုပ်ဆောင်သင့်တယ်လို့ မြင်မိလဲ။
ဖြေ ။ ။ လုပ်ဆောင်ဖို့ အားလုံးဘက်ပေါင်းစုံ စဉ်းစားပြီးပြီ။ ဦးသိန်းစိန် လက်ထက်တုန်းက လက်နက်ကိုင် အဖွဲ့တွေ အားလုံး ညီလာခံလုပ်ကြတယ်။ အဖွဲ့ ၂၀ ကျော်။ ဆွေးနွေးပွဲမှာ ၁၆ ဖွဲ့ပါလာတယ်။ ၁၆ ဖွဲ့ကလည်း NCA ပေါ်လာတဲ့အခါကြတော့ ပါဝင်လက်မှတ်ထိုးဖို့ အားလုံးက စိတ်ဝင်စားကြပါတယ်။
သို့သော် အဲဒီထဲကမှ မြောက်ပိုင်း သုံးဖွဲ့ပေါ့။ ညီနောင် သုံးဖွဲ့ကို ချန်ထားခဲ့တဲ့ အကျိုးဆက်က နောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခ ပိုကြီးလာတဲ့သဘောပေါ့။ အဲဒါကြောင့် Civilian Supremacy ပေါ်လစီကို အဓိက ခေါင်းဆောင်ကြီးတွေ သဘောပေါက်ဖို့ပဲ လိုပါတယ်။ အဲဒါသဘောပေါက်ရင် ရပါပြီ။
နောက် တပ်ကလည်းပဲ mind self လည်း ပြောင်းဖို့လိုတာပေါ့။ ဒီမိုကရေစီကို တကယ်အလေးအနက် လက်ခံ ယုံကြည်တယ်ဆိုရင်တော့ Civilian Supremacy ကို လက်ခံရမယ့် သဘောရှိတာပေါ့။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင်များကို တွေ့ရစဉ်
မေး ။ ။ ပြီးတော့ USDP ဥက္ကဋ္ဌ ဦးခင်ရီ ပြောသွားတာလည်း ရှိတယ်။ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် တက်လာတဲ့အခါမှာ အဲဒီအစိုးရသစ်က တပ်မတော်နဲ့ ကျောချင်း ရင်ချင်းကပ် မဆောင်ရွက်ရင် သေချာတယ် နောက်နေ့ အဲဒီအစိုးရသစ်က ပြုတ်မှာပဲဆိုပြီး ပြောသွားတဲ့အပေါ် ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ အဲဒီအပြောကတော့ ဒီမိုကရေစီရဲ့ မူရင်း သဘာဝကို ဆန့်ကျင်တဲ့ သဘောရှိပါတယ်။ နောက်တစ်ခု ကတော့ ဗမာပြည်ရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာပေါ့။ ဒီလိုရှိခဲ့တဲ့ဟာကို။ အဲဒီရှိခဲ့တဲ့ သမိုင်းကြောင်းအတိုင်းပဲ ဆက်သွားချင်တဲ့ပုံစံကို ပြောတယ်လို့ ယူဆရပါတယ်။
မေး ။ ။ USDP နဲ့ တပ်နဲ့ အစိုးရဖွဲ့နိုင်မှ အရွေ့တစ်ခုကို ရောက်မယ်လို့ ဆိုလိုချင်တာ ဖြစ်နိုင်မလား။ ဘယ်လို မြင်မိလဲ။
ဖြေ ။ ။ နည်းနည်းတော့ စဉ်းစားရခက်ပါတယ်။ ဘာကြောင့်ဆို သမ္မတကြီး ဦးသိန်းစိန် ၅ နှစ်မှာက ဘာပဲ ပြောပြော ထိန်းထိန်းသိမ်းသိမ်း လုပ်သွားတာ တွေ့ရတယ်။ နောက်ပိုင်း ဒေါ်စု ၅ နှစ်မှာလည်းပဲ ထိန်းထိန်း သိမ်းသိမ်း လုပ်သွားတာ တွေ့ရပါတယ်။ ညှိညှိနှိုင်းနှိုင်းပေါ့၊ ဒါပေမယ့် ၁၀ နှစ်ပဲခံတယ်။ ဒီမိုကရေစီရဲ့ အညွှန့် အညှောင့်က ၁၀ နှစ်ပဲခံပြီး ပျောက်သွားပြီးတော့ ပါတီစုံဒီမိုကရေစီ ပြန်လည် ထွန်းကားအောင် ပျိုးထောင်မယ်လို့ ကြွေးကြော်ကြပါတယ်။
တကယ့် ဒီမိုကရေစီအနှစ်သာရ၊ ပါတီစုံရဲ့အနှစ်သာရ Civilian Supremacy လို့ခေါ်တဲ့ ဒီမိုကရေစီ တိုင်းပြည်တွေ ရဲ့ အနှစ်သာရ အဲဒါတွေကို အဓိပ္ပါယ်ရှိရှိ အသက်ပါပါ ဖော်ထုတ်ဖို့တော့ လိုပါတယ်။ နားထောင်ကောင်းအောင် စည်းရုံးရေး သဘောဆောင်တဲ့ ပြောဆိုတာထက် လက်တွေ့ကျင့်သုံးလာဖို့လည်း လိုတယ်လို့ ယူဆပါတယ်
မေး ။ ။ အခုလိုမျိုး မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်က သိပ်ကြာရှည်မခံဘဲနဲ့ တစ်ဖန်အာဏာ ပြန်သိမ်းတာ တွေ ဖြစ်ဖြစ်လာတာကြတော့ ဘယ်လိုစနစ်တွေ၊ လုပ်ဆောင်တာတွေ မှားယွင်းနေတာကြောင့်လဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဖြေ ။ ။ ကျနော်တို့စနစ်က မှားနေတာ ဦးနု လက်ထက်ကတည်းက မှားနေတာပါ။ ပင်လုံစာချုပ် ချုပ်ပြီး ကတည်းကိုက မှားနေတာပါ။ ပင်လုံစာချုပ်ချုပ်တယ်၊ ပင်လုံစာချုပ်အတိုင်း မလုပ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့ နောက်မှာ ပြည်ထောင်စု အမည်ခံ တစ်ပြည်ထောင်လုပ်တယ်။ အဲဒီတစ်ပြည်ထောင်ထဲမှာမှ ဦးနုက ဖဆပလ အနှစ် ၄၀ ခံရမယ်ဆိုပြီး ကြွေးကြော်ပြီးတော့ ၁၄ နှစ်လောက်မှာပဲ အကွဲအပြဲဖြစ်လာတဲ့ အခါကြတော့ တပ်နဲ့ပေါင်းတဲ့ဘက်ကနဲ့ မပေါင်းတဲ့ဘက် အရပ်ဖွဲ့မှုဖြစ်လာတယ်။ အဲဒီ ကစပြီးတော့ အကြီးအကဲတွေရဲ့ မရိုးမသား ဒီမိုကရေစီ အနှစ်သာရကို မဖော်ဆောင်ပဲ တစ်ပြည်ထောင်စနစ် လူမျိုးတစ်မျိုး အုပ်ချုပ်တဲ့စနစ်ကို ဖော်ဆောင်လာတဲ့အခါကြတော့ အဲဒီဟာက ဗိုလ်ချုပ်နေဝင်း ကနေစပြီးတော့ လက်နက်ကိုင် တပ်ကနေပြီးတော့ နိုင်ငံရေးအာဏာကို ဝင်ရောက်စွက်ဖက်တဲ့ဟာ အကျင့်ဖြစ်သွားတာပေါ့။
အဲဒါက အခုချိန်ထိ နှစ်ပေါင်း ၅၀ ကျော် ဆက်သွားနေတဲ့ သဘောရှိတာပေါ့။ ဒီသမိုင်းကြောင်း နောက်ခံက ဆက် ထိန်းချင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို မလိုအပ်တော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ဖွဲ့မှာ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အချိန်က အခုချိန်ထိ မရခဲ့ဘူး။ မရသေးဘူးပေ့ါလေ။ အဲဒီ မရ သေးတဲ့အတွက် ကျနော်တို့ ဒီ အနိဋ္ဌာရုံတွေက ဆက်ရှိနေတယ်လို့ ယူဆရပါတယ်။
မေး ။ ။ ဒါဆို ရွေးကောက်ပွဲပြီးနောက် တက်လာမယ့် အစိုးရအနေနဲ့ ဒီမိုကရေစီစနစ်ကို အရင်ပုံစံတွေ အတိုင်း မဖြစ်အောင် ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ်လို့ ထောက်ပြချင်လဲ။
ဖြေ ။ ။ အဲဒါကတော့ ပြောရခက်ပါတယ်။ ကျနော် ဦးခင်ရီ ပြောတာကို နားထောင်ကြည့်ရခြင်း အားဖြင့် တော့ ဘယ်လိုပုံစံနဲ့ပဲ တက်တက် နည်းနည်းချည်ထားတဲ့ သဘောမျိုးလို့ ပြောတာတွေ့ရတော့ အခြေအနေတော့ သိပ်အကောင်း အပြောင်းကြီးတော့ ဟုတ်မယ်မထင်ဘူး။
သို့သော် ခေါင်းဆောင်တွေရဲ့ အကြီးအကဲတွေရဲ့ စိတ်စေတနာနဲ့ အမျှော်အမြင်ပေါ် မူတည်တာပေါ့လေ။ ဒါက တော့ နောက်ပိုင်းမှာ အဆုံးအဖြတ် ဖြစ်လာမှာပါပဲ။ ဒီလောက်ပဲပြောချင်တယ်။ ဒီထက်ပိုပြောလို့ မကောင်းဘူး။
