CNI International News

အိုက်ဇော၊ မေ ၂၇

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရသည် မြန်မာနိုင်ငံမှ ဝင်ရောက်လာသည့် ဒုက္ခသည် ၃၃,၀၀၀ ကျော်၏ အချက်အလက် အသေးစိတ်ကို ဘိုင်အိုမက်ထရစ် နည်းပညာဖြင့် စုဆောင်း ကောက်ယူသွားမည်ဖြစ်ကြောင်း India Today မှ ဖော်ပြခဲ့သည်။

ဗဟိုအစိုးရသည် မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေထိုင်လျက်ရှိသည့် မြန်မာဒုက္ခသည်များ၏ ဘိုင်အိုမက်ထရစ် အချက်အလက်များကို စုဆောင်းကောက်ယူရေးအတွက် ဝက်ဘ်ဆိုက်တစ်ခုအား အတည်ပြုခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာ (Lalduhoma)ကို အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှား(Amit Shah)က နယူးဒေလီ၌ မေလ ၂၃ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

အဆိုပါ ဝက်ဘ်ဆိုက်သည် မကြာသေးမီက အွန်လိုင်းပေါ် ရောက်ရှိခဲ့ပြီဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ အတည်ပြုချက်ကို ရရှိခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ထိုဝက်ဘ်ဆိုက်ပေါ်တွင် ဘိုင်အိုမက်ထရစ် အချက်အလက် ကောက်ခံမှုများကို စတင်ပြုလုပ်မည် ဖြစ်ကြောင်း အမည်မဖော်လိုသည့် အရာရှိတစ်ဦးက PTI သတင်းစာကို ပြောကြားခဲ့သည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာနဲ့ အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားကို တွေ့ရစဉ်

ဘိုင်အိုမက်ထရစ်စနစ်ဖြင့် အချက်အလက် ကောက်ယူမှုသည် လက်ဗွေများ၊ မျက်လွှာ၊ မျက်ဝန်း၊ စကားသံ၊ မျက်နှာပုံပန်းသဏ္ဍာန် အစရှိသည့် အချက်အလက်များကို မှတ်တမ်းကောက်ယူခြင်းဖြစ်သည်။

ဒုက္ခသည်များသည် မြန်မာနိုင်ငံသားများဖြစ်သဖြင့် အိန္ဒိယ၏ မူလဘိုင်အိုမက်ထရစ် ကောက်ခံသည့်စနစ်နှင့် မှတ်တမ်းကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ နှောင့်နှေးကြန့်ကြာခဲ့ရသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့နောက် ပုံစံသစ်ပြောင်းလဲပြီး စနစ်သစ်တစ်ခု ရေးဆွဲကာ ဝက်ဘ်ဆိုက် ထောင်နေရသဖြင့် နှောင့်နှေး ကြန့်ကြာမှုရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ထိုအရာရှိက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရ၏ မှတ်တမ်းများအရ မီဇိုရမ်ပြည်တွင် ခိုလှုံနေထိုင်နေသည့် မြန်မာဒုက္ခသည်ပေါင်း ၃၃,၀၂၃ ဦးရှိပြီး ၎င်းတို့အနက် ကလေးငယ် ၁၂,၆၆၁ ဦးပါဝင်ကြောင်း ဖော်ပြထားသည်။

ဒုက္ခသည်အများစုမှာ မီဇိုများနှင့် လူမျိုးစု ဆက်နွှယ်သည့် မြန်မာနိုင်ငံ၏ ချင်းပြည်နယ်မှ ချင်းလူမျိုးများဖြစ်သည်။

ထိုချင်းလူမျိုးများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့တပ်မတော်က အာဏာရယူခဲ့ပြီးကတည်းက မီဇိုရမ်ပြည်နယ်၌ ခိုလှုံနေထိုင်ခဲ့သူများဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဧပြီလကလည်း ပြည်ထဲရေးဝန်ကြီးဌာနသည် မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မီဇိုရမ်နှင့် မဏိပူရ ပြည်နယ်အစိုးရများကို ၎င်းတို့ပြည်နယ်များအတွင်း ခိုလှုံနေထိုင်နေသော တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများ၏ အသေးစိတ် အချက်အလက်များကို ကောက်ယူရန် ညွှန်ကြားခဲ့သည်။

Source: India Today