CNI International Article
၂၀၂၅ ခုနှစ်၊ မေလ ၂၅
အိန္ဒိယ၏ အနောက်မြောက်နယ်စပ်ဒေသကို ကမ္ဘာက စောင့်ကြည့်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် အရှေ့မြောက်နယ်စပ်၌ အလွန်အရေးကြီးသော အခြေအနေများ တိတ်တဆိတ် ဖြစ်ပွားသွားခဲ့သည်။
၂၀၂၅ ခုနှစ်၊ မတ်လက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ၏ ဒါကာ ခရီးစဉ်အတွင်း ဘင်္ဂါလီ(မူရင်း- ရိုဟင်ဂျာ)များကို နေရပ်ပြန်ပို့ရေးအတွက် လူသားချင်း စာနာထောက်ထားမှုစင်္ကြံ လမ်းတစ်ခုကို ဖန်တီးရန် အကြံပြုခဲ့သည်။
ထိုအကြံပြုချက်ကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရင် ယူနွတ်(Yunus) ဦးဆောင်သည့် ကြားဖြတ်အစိုးရသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံလမ်း ဖော်ဆောင်ရေး စီမံကိန်းကို တွန်းအားပေး လုပ်ဆောင် နေသည်။
ဘင်္ဂါလီအရေး အဆင့်မြင့်ကိုယ်စားလှယ် ရာထူးကို ရရှိခဲ့သည့် ခါလီလူအာ ရာမန် (Khalilur Rahman) ကို ဘင်္ဂလားဒေ့ရှ်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်(NSA)အဖြစ် ခန့်အပ်မှုသည် အဆိုပါစင်္ကြံလမ်း ဖော်ဆောင်ရေး အစီအစဉ်ကို ပြည်တွင်း/ပြည်ပ သဘောတူညီချက်မပါဘဲ ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ် ထားသော ဘင်္ဂလားဒေ့ရှ်အစိုးရ၏ သဘောထားကို ပြသရာ ရောက်ခဲ့သည်။
မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အတွက် လူသားချင်း စာနာထောက်များမှုများ ပေးပို့ရေး၊ ဘင်္ဂလားဒေ့ရှ်၏ ကော့ဘဇား (Cox’s Bazar) ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ဘင်္ဂါလီဒုက္ခသည်များကို နေရပ်ပြန်ပို့ရေး တို့အတွက် ထိုစင်္ကြံလမ်းကို အသုံးပြုသွားမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ် မက် တောင်ဟစ် ဟော့စိန် (Md Towhid Hossain) က ပြောကြားခဲ့သည်။
ဘင်္ဂါလီတွေကို တွေ့ရစဉ်
မည်သို့ပင်ဆိုစေ ဘင်္ဂါလီဒုက္ခသည် ၁ ဒသမ ၃ သန်းသည် ရခိုင်ပြည်နယ်သို့ ပြန်ရန် ၂၀၁၇ ခုနှစ်ကတည်းက ဆက်တိုက် ငြင်းဆိုခဲ့ကြသည်။
ဒုက္ခသည်များကို နေရပ်ပြန်ပို့မည့် တစ်ဖက်သတ်ဆန်သည့် ဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်အတိုက်အခံ များကလည်း ဝေဖန်ခဲ့ကြသည်။
ပထမအချက်မှာ ယခု ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရွေးကောက်ခံ အစိုးရမဟုတ်ဘဲ ယာယီအစိုးရ ဖြစ်နေခြင်း ကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ ထိုအစီအစဉ်ကို အခြားနိုင်ငံရေး အင်အားစုများနှင့် တိုင်ပင်မှု မရှိခြင်းကြောင့် ဖြစ်သည်။
လက်ရှိ ပါတီလှုပ်ရှားမှုများ ပိတ်ပင်ခံထားရသည့် Awami League ပါတီကလည်း ထိုစင်္ကြံလမ်း ဖော်ဆောင်ရေး အစီအစဉ်ကို ကန့်ကွက်ခဲ့ပြီး အနောက်နိုင်ငံများသည် မြန်မာ့တပ်မတော်ကို စစ်ပွဲဆင်နွှဲရန် ထိုစင်္ကြံကို အသုံးပြု ဖွယ်ရှိကြောင်း ပြောကြားခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ကဲ့သို့ အခြားနိုင်ငံရေး ပါတီများကလည်း ယာယီအစိုးရ၏ တစ်ဖက် သတ် ဆုံးဖြတ်ချက်ကို ဝေဖန် ပြောဆိုခဲ့ကြသည်။
ထိုစင်္ကြံလမ်းသည် ဘင်္ဂလားဒေ့ရှ်၏ အချူပ်အခြာအာဏာကို ထိခိုက်စေမည့် အလားအလာအပေါ် အတိုက်အခံ များက စိုးရိမ်နေကြခြင်းဖြစ်သည်။
စိတ်မကောင်းစရာ နောက်တစ်ချက်က ဘင်္ဂလားဒေ့ရှ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည့် အရိပ်လက္ခဏာများ မရှိသေးဘဲ အထိန်းအကွပ်မရှိသည့် အခြေအနေ ဖြစ်နေသည်။
အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိထားသည့် ယာယီအစိုးရအဖွဲ့၏ အကြီးအကဲ မိုဟာမက် ယူနွတ် (Muhammed Yunus) ကလည်း အမေရိကန်၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးနေသည်။
ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်နဲ့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ အကြီးအကဲ ယူနွတ်ကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်၏ ကံကြမ္မာသည် ယူနွတ်၏ လက်ထဲတွင် ရှိနေသည်။ သို့သော် ယခုကဲ့သို့ အရေးကြီးသည့် ဆုံးဖြတ် ချက်များ၏ ရလဒ်သည် အိန္ဒိယ၏ အနီးဝန်းကျင်ရှိ ဒေသတွင်း တည်ငြိမ်မှုအပေါ် သက်ရောက်မှုများ ရှိစေမည် ဖြစ်သည်။
ယူနွတ်သည် အနောက်နိုင်ငံများ၏ အကျိုးစီးပွားကို အာရုံစိုက်နေသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပထဝီဝင်နိုင်ငံ ရေး ပြိုင်ဆိုင်မှုများ၏ ဗဟိုချက်ဖြစ်လာဖွယ်ရှိသည်။
အမေရိကန်နှင့် ကုလသမဂ္ဂအပြင် နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) တို့ကလည်း မြန်မာပဋိပက္ခတွင် အင်အားကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော အာရက္ခတပ်တော် (AA) နှင့် ထိတွေ့ဆက်ဆံမှု များ ပြုလုပ်ရန် ယူနွတ်ကို ယခုနှစ်အစောပိုင်းက တိုက်တွန်းခဲ့သည်။
တစ်ဖက်တွင်လည်း မြန်မာ့တပ်မတော်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်းကဲ့သို့ တရုတ်၏ စီမံကိန်းများကို ဘေးကင်းလုံခြုံမှုရှိစေရန် တရုတ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည။
ထို့ပြင် နစကသည် အခြေခံ အဆောက်အအုံများကို ကာကွယ်ရန်အတွက် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ တည်ထောင်ခွင့် ပြုမည့် ပူးတွဲလုံခြုံရေး လုပ်ငန်းကုမ္ပဏီ (JSVC) ကိုလည်း တရုတ်နှင့်ပူးပေါင်း လုပ်ဆောင်ခဲ့သည်။
တရုတ်သည် ထိုစီမံကိန်းကို အသုံးပြုပြီး မြန်မာနိုင်ငံတွင် အခြားနိုင်ငံများထက်စောကာ ခြေကုပ်ယူမည်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်သုံးဖွဲ့က မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်တွင် စတင်ပြုလုပ်ခဲ့သည်။
ထိုမဟာမိတ်သုံးဖွဲ့တွင် MNDAA၊ TNLA နှင့် AA တို့ ပါဝင်သည်။
AA သည် မြန်မာနိုင်ငံ တစ်ဝန်းရှိ အင်အားနည်းသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ ပေးနေသည့်အပြင် မဟာမိတ်များကို ကူညီပေးရန် မြန်မာနိုင်ငံမြောက်ပိုင်းတွင် လက်နက်ကိုင်အင်အား ၆၀၀၀ နီးပါးဖြင့် တပ်စွဲထားသည်။
ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို တွေ့ရစဉ်
ထို့ပြင် AA သည် တရုတ်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသည်ဟု ယူဆရသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “၀” ဒေသ၏ ထောက်ခံမှုကိုလည်း ရရှိထားသည်။
ယနေ့တွင် တရုတ်သည် မြန်မာ့တပ်မတော်ကိုသာမက အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ်တွင်ပါ ဩဇာလွှမ်းမိုးထားပြီး အနောက်နိုင်ငံများကို ထိတ်လန့်စေခဲ့သည်။
အခြားတစ်ဖက်တွင်လည်း အိန္ဒိယသည် မြန်မာနှင့် ကီလိုမီတာ ၁၆၄၀ အရှည် ထိစပ်နေသည့် နယ်စပ်ဒေသတွင် လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်နေကာ မြန်မာနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ဖွင့်လှစ်ထားသည်။
ထိုအချိန်တွင် နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး အကျပ်အတည်း၊ ပြည်တွင်းလုံခြုံရေး ပြဿနာများနှင့် ရင်ဆိုင် နေရသည့် ဘင်္ဂလားဒေ့ရှ်ကို လူသားချင်း စာနာထောက်ထားမှုစင်္ကြံတစ်ခု ဖော်ဆောင်ရန် မရမက တောင်းဆိုနေ ခြင်းကြောင့် ဒေသတွင်း စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည။
ဘင်္ဂလားဒေ့ရှ်တွင် Awami League ပါတီကို ပိတ်ပင်မှု၊ ယခင်အစိုးရဟောင်းအား နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး တွင် တိုင်ကြားမည့် အစီအစဉ်၊ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) ကို လိုလားသည့် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါကာ အူဇာမန် (Waqar-uz-Zaman) ရုရှားသို့ ရောက်ရှိနေချိန်တွင် ရာမန်ကို NSA အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မှု အစရှိသည့် လုပ်ဆောင်ချက်များသည် တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။
လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ဖော်ဆောင်ရေးအတွက် စစ်တပ်အကြီးအကဲ၏ အာဏာကို တန်ပြန်ရန် ရာမန်ကို ရာထူးတိုးပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း အတွင်းလူများက ထင်ကြေးပေးခဲ့ကြသည်။
အဆိုပါ စင်္ကြံလမ်း ဖော်ဆောင်မှုသည် ဘင်္ဂလားဒေ့ရှ်အတွက် လုံခြုံရေး စိန်ခေါ်မှုများ ရှိနိုင်သဖြင့် ဗိုလ်ချုပ်ကြီး ဇာမန်သည် ထိုအစီအစဉ်ကို ကန့်ကွက်ဖွယ်ရှိနေသည်။
စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါကာ အူဇာမန်ကို တွေ့ရစဉ်
သို့သော် လက်ရှိတွင် သူသည် ရာထူးတည်မြဲရေးအတွက် ထိုအစီအစဉ်ကို ပါဝင်ဖွယ်ရှိသည်။
ဘင်္ဂလားဒေ့ရှ်၏ Shah Jalal နိုင်ငံတကာလေဆိပ်သို့ အမေရိကန်လေတပ်၏ လေယာဉ်များသည် ကုန်ပစ္စည်း အများအပြားနှင့် ရောက်ရှိခဲ့သည့် သတင်းများကြောင့် ထိုလေယာဉ်များသည် AA နှင့် အခြား EAO များအတွက် စစ်ဘက်သုံးပစ္စည်းများ သယ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ထိုအခြေအနေများသည် လူသားချင်း စာနာထောက်ထားမှုစင်္ကြံနှင့် ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်သည်။
စစ်ရေးလှုပ်ရှားမှုများကင်းသည့် လူသားချင်းစာနာထောက်ထားမှုစင်္ကြံကို အလွဲသုံးစားလုပ်ခြင်းသည် ပဋိပက္ခကို ကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။
ယူကရိန်း၏ မာရီယူပိုးလ် (Mariupol) မြို့နှင့် ဆီးရီးယားရှိ လူသားချင်းစာနာထောက်ထားမှုစင်္ကြံများသည် အောင်မြင်ခြင်းမရှိခဲ့ပေ။
ယူကရိန်းတွင် စစ်ရေးလှုပ်ရှားမှု ကင်းရမည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများ ဗုံးကြဲခံရခြင်း၊ ဆီးရီးယားတွင် ထိုစင်္ကြံလမ်းများကို အသုံးပြုပြီး အတိုက်အခံများက မြို့များကို သိမ်းယူခြင်း အစရှိသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ဖြစ်စဉ်တွင် ယာယီအစိုးရသည် ပြည်သူများ၏ ထောက်ခံမှုမပါ၊ နိုင်ငံရေးသဘောတူညီမှုမရှိဘဲ အနောက်နိုင်ငံများ၏ တွန်းအားပေးမှုဖြင့် လူသားချင်း စာနာထောက်ထားမှုစင်္ကြံကို ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တစ်နေရာကိုတွေ့ရစဉ်
ထိုဆုံးဖြတ်ချက်ကြောင့် အနောက်နိုင်ငံများသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကို ပိုမိုထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထိုစင်္ကြံလမ်းကို အသုံးပြုပြီး မြန်မာနိုင်ငံအတွင်းရှိ EAO များကို လက်နက်များ ထောက်ပံ့မည့် အန္တရာယ်လည်း ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့များကလည်း ထိုစင်္ကြံလမ်းကို အသုံးပြုပြီး မူးယစ်ဆေးဝါးများ မှောင်ခိုကူးဖွယ်ရှိနေသည်။ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုသည် ဘင်္ဂလားဒေ့ရှ်တွင် ယခင်ကတည်းက ရှိနေသည့် ကြီးမားသော ပြဿနာဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိနေသည့် မြန်မာသည် ဘိန်းစိုက်ပျိုးမှုနှင့် ဓာတုမူးယစ်ဆေးများ ထုတ်လုပ်မှု အများဆုံး ဖြစ်သည်။
လူသားချင်းစာနာထောက်ထားမှုစင်္ကြံအတွက် သံသယဖြစ်စရာကောင်းသည့် နောက်တစ်ချက်လည်း ရှိသည်။
ထိုအချက်မှာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် နေထိုင်လျက်ရှိသည့် ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်ကို ပြန်ချင်သည့် ဆန္ဒမရှိပေ။ ရခိုင်သို့ ပြန်လျှင် လုံခြုံမှုမရှိကြောင်း ၎င်းတို့က ယူဆထားကြသည်။
ARSA ဟုခေါ်သည့် လက်နက်ကိုင်အဖွဲ့ကလည်း AA နှင့်တိုက်ပွဲဖြစ်ရန် တာစူနေပြီး တိုက်ပွဲများဖြစ်လာပါက ဘင်္ဂလားဒေ့ရှ်သည် စစ်ပွဲဇုန်တစ်ခု ဖြစ်လာနိုင်ခြေရှိသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ကို အမေရိကန်၏ ဩဇာလွှမ်းမိုးမှု မြင့်တက်လာနိုင်သည့် အခြေအနေ အား အိန္ဒိယအနေဖြင့် သတိပြုရမည်ဖြစ်သည်။
AA ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်
AA သည် အလွန်အင်အား တောင့်တင်းသည့် အဖွဲ့ဖြစ်ပြီး ၂၀၀၉ ခုနှစ်က ဖွဲ့စည်းခဲ့ကာ လူငယ်များနှင့် အတွေ့အကြုံရင့်သည့် ခေါင်းဆောင်များပါဝင်သည်။
အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများသည် မြန်မာ့တပ်မတော်ကို ဆန့်ကျင်သည့် အဖွဲ့များအား ထောက်ပံ့ပေးခဲ့သဖြင့် AA ကိုလည်း ထောက်ပံ့ပေးဖွယ်ရှိကာ အိန္ဒိယ၏ အရှေ့မြောက် နယ်စပ်ဒေသများတွင် ပဋိပက္ခများ ဖြစ်ပွားနိုင်သည်။
အိန္ဒိယအနေဖြင့် ချင်းပြည်နယ် အရေးကိုလည်း ဂရုစိုက်ရမည်ဖြစ်ပြီး မကြာသေးမီက ဖင်လန်နိုင်ငံမှ အကျပ်အတည်း စီမံခန့်ခွဲရေး အစီအစဉ် (CMI) က ပြိုင်ဘက် ချင်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြား ကြားဝင်စေ့စပ်ပေးခဲ့သည်။
အမေရိကန်သည် အိန္ဒိယနှင့် တရုတ်ကို တန်ပြန်ရန်နှင့် ခြေကုပ်ရယူရန် တိုင်းရင်းသား လူမျိုးစုအဖွဲ့များကြား ဆက်ဆံရေးများကို ကြိုးကိုင် ခြယ်လှယ်ရန် ကြိုးပမ်းနိုင်သည်။
လက်ရှိအချိန်အထိ AA သည် အနောက်နိုင်ငံများကို စိုးရိမ်ပြီး အပြည့်အဝ ယုံကြည်မှု မရှိသေးသော်လည်း အနောက်နိုင်ငံများ၏ မှန်ကန်သည့် ကမ်းလှမ်းချက်များကို ရရှိမည်ဆိုပါက AA ၏ သဘောထားသည် လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။
Source: First Post