CNI Sport Article
၂၀၂၅ ခုနှစ်၊ မေလ ၂၅
၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ နောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင်ဖို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ၃ နေရာအတွက် အသင်း ၅ သင်း ပြိုင်ဆိုင်မှုဟာ အလွန်စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။
ရာသီပိတ် နောက်ဆုံးပွဲစဉ် မတိုင်မီမှာ ချန်ပီယံဖြစ်မယ့် အသင်းနဲ့ တန်းဆင်းမယ့် အသင်းတွေက ထွက်ပေါ်ခဲ့ ပြီဖြစ်လို့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုက နောက်ဆုံးပွဲစဉ်မှာ ပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့ ရှိနေတာပါ။
ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ၆ နေရာအထိ ရရှိထားပြီး ချန်ပီယံ လီဗာပူးလ် အသင်း၊ အမှတ်ပေးဇယား အဆင့် ၂ နေရာက အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ စပါးအသင်းတို့က ဝင်ခွင့်တွေကို ရရှိခဲ့ပြီဖြစ်ပါတယ်။
အဲဒါကြောင့် လက်ကျန် ၃ နေရာအတွက် ပြိုင်ဆိုင်မှုဟာ နောက်ဆုံးပွဲစဉ်မှ အဖြေထွက်ပေါ်လာမှာပါ။
ဒီနေရာအတွက် မန်စီးတီး၊ နယူးကာဆယ်၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့က ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ယူနိုက်တက် ယှဉ်ပြိုင်နေစဉ်
ပွဲစဉ် ၃၇ ယှဉ်ပြိုင်အပြီးမှာ မန်စီးတီးအသင်းက ရမှတ် ၆၈ မှတ်နဲ့ အဆင့် ၃၊ နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတို့က ရမှတ် ၆၆ မှတ် ရရှိထားပြီး နော်တင်ဟမ်ဖောရက်စ်အသင်းက ရမှတ် ၆၅ မှတ် ရရှိထားတာပါ။
အဆင့် ၃ နေရာက အသင်းနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ အသင်းတို့အကြားမှာ ရမှတ်ကွာဟမှုက ၃ မှတ် သာ ရှိတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ အသင်းတိုင်း မျှော်လင့်ခွင့်ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေ အရဆိုရင် မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတာပါ။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲစဉ်မှာ အနိုင်ရလဒ် ဒါမှမဟုတ် သရေတစ်မှတ် ရရှိတာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာဖြစ်ပြီး မရှုံးနိမ့်ဖို့တော့ လိုအပ်တာပါ။
ရှုံးနိမ့်ခဲ့မယ်ဆိုရင် အခြားအသင်းတွေရဲ့ ရလဒ်ကို စောင့်ကြည့်ရမှာဖြစ်လို့ ရလဒ်ကောင်းရရှိအောင် ကြိုးစားခဲ့ရင် မန်စီးတီးအသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို အေးအေးဆေးဆေး ရရှိနိုင်မှာဖြစ်ပါတယ်။
မန်စီးတီး အသင်းယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူတို့အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရရှိနိုင်မယ်ဆိုတာ ယုံကြည်မှုရှိ နေတာပါ။
နယူးကာဆယ်အသင်းဟာ နောက်ဆုံးပွဲစဉ်မှာ အဲဗာတန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ နယူးကာဆယ်အသင်းအတွက် ကစားရခက်နိုင်တဲ့ အသင်းဖြစ်ပေမယ့် နယူးကာဆယ် အသင်းဟာ အိမ်ကွင်းရလဒ် ကောင်းတာကြောင့် အနိုင်ရရှိအောင် ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ပစ်မှတ် ထားနေတာပါ။
ချယ်လ်ဆီးအသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိဖို့ကြိုးပမ်းနေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေလို့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အိမ်ကွင်းအားကောင်းတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီပွဲကို အိမ်ကွင်းကစားရမှာဖြစ်လို့ သူတို့အတွက် အားသာချက်ရှိနိုင်တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ အတွက်ဆိုရင် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိဖို့ လိုသလို သူတို့ရဲ့ အထက်မှာရှိတဲ့ အသင်းတွေထဲက အနည်းဆုံး တစ်သင်း ခြေချော်ဖို့လည်း လိုအပ်ပါတယ်။
အဲဒါကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် အနည်းဆုံး ဖြစ်ပေမယ့် ဝင်ခွင့်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
နယူးကာဆယ်အသင်းကိုတွေ့ရစဉ်
ချယ်လ်ဆီးအသင်းကတော့ နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရလဒ်ရရှိတာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်လို့ အနိုင်ရလဒ် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးပွဲစဉ်မှာ ယူနိုက်တက်အသင်းအိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာပါ။
အက်စတွန်ဗီလာအသင်းအတွက် အနိုင်ရလဒ် ရရှိဖို့လိုသလို နယူးကာဆယ်၊ ချယ်လ်ဆီးအသင်းတို့ ရမှတ်လျော့ဖို့ ကိုလည်း မျှော်လင့်ရမှာဖြစ်ပါတယ်။
ကိန်းဂဏန်း အချက်အလက်တွေ တွက်ချက်တဲ့ Opta က မန်စီးတီးအသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အကောင်းဆုံး အသင်းအဖြစ် ၉၆.၈၃ ရာခိုင်နှုန်းပေးထားပြီး၊ နယူးကာဆယ်အသင်းကို ၈၁.၇၃ ရာခိုင်နှုန်း၊ ချယ်လ်ဆီးအသင်းကို ၅၇.၈၁ ရာခိုင်နှုန်း၊ အက်စတွန်ဗီလာအသင်းကို ၄၃.၉၇ ရာခိုင်နှုန်းနဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းကို ၁၉.၆၆ ရာခိုင်နှုန်းသာ ပေးထားတာပါ။
အဲဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန် ၃ နေရာကို ဘယ်အသင်းတွေ ရယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။