CNI Article
၂၀၂၅ ခုနှစ်၊ မေလ ၂၁
မြန်မာနိုင်ငံသည် စစ်ပွဲများဖြစ် အချိန်ကုန်နေပြီး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် မတက်နိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
ယခု မိမိတို့ ရှင်သန်ဖြတ်သန်းနေသည့် နိုင်ငံသည် ပထမ မြန်မာနိုင်ငံလား၊ သို့မဟုတ် စတုတ္တမြန်မာနိုင်ငံလားဆို သည့်အပေါ်မှာလည်း ရှုမြင်ပုံများကွဲလွဲ၍ ပြည်တွင်းလက်နက်ကိုင် ချုပ်ငြိမ်းရေး ဆွေးနွေးမှုများ မအောင်မြင်ဘဲ ဖြစ်နေကြသည်။
ဗမာတိုင်းရင်းသားများ အားကောင်းသည့် နိုင်ငံရေးပါတီများနှင့် အင်အားစုများ အပါအဝင် မြန်မာ့တပ်မတော် ကတော့ ယခုမြန်မာနိုင်ငံသည် စတုတ္တနိုင်ငံ ဖြစ်သည်ဟု မှတ်ယူထားကြသည်။
အဘယ်ကြောင့်ဆိုသော အနော်ရထာ(ပထမမြန်မာနိုင်ငံ ထူထောင်သူ)၊ ဘုရင့်နောင်(ဒုတိယမြန်မာနိုင်ငံ ထူထောင်သူ)၊ အလောင်းဘုရား(တတိယမြန်မာနိုင်ငံ ထူထောင်သူ)တို့သည် ပထမ-ဒုတိယ-တတိယ မြန်မာနိုင်ငံ များကို ထူထောင်ခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးယူခဲ့သော ယနေ့ မြန်မာနိုင်ငံသည် စတုတ္တနိုင်ငံဖြစ်သည်ဟု ယူဆထားခြင်းကြောင့် ဖြစ်သည်။
လက်နက်ကိုင် တိုက်ပွဲအတွင်း ပျက်စီးနေတဲ့ အဆောက်အအုံတွေကို တွေ့ရစဉ်(ဓာတ်ပုံ-ရိုက်တာ)
ဗမာမဟုတ်သော တိုင်းရင်းသားများကတော့ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့နှင့်အတူ မိမိတို့မှာ လည်း ဘုရင်စနစ်ဖြင့် ကိုယ့်ထီးကိုယ့်နန်း အုပ်ချုပ်လာခဲ့ပြီး ၁၈၈၅ ခုနှစ်မှာ ဗြိတိသျှလက်အောက်သို့ လူမျိုးပေါင်း စုံ၏ နယ်မြေများအားလုံး ကျရောက်သွားကာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးယူ၍ ယနေ့ မြန်မာနိုင်ငံကို ထူထောင်ခဲ့သည့်အတွက် ပထမမြန်မာနိုင်ငံဟု မှတ်ယူထားကြသည်။
ထိုသို့ မှတ်ယူရခြင်းကလည်း မြန်မာနိုင်ငံ လွတ်လပ်ရေးကို တောင်တန်းနှင့်ပြည်မ အတူတကွ ပေါင်းစည်းရေး သဘောတူညီမှု ရယူခဲ့ခြင်း အပါအဝင် လွတ်လပ်သော ပြည်ထောင်များ စုပေါင်း၍ ရယူခဲ့သော လွတ်လပ်ရေးမှ ပေါက်ဖွားလာသည့် မြန်မာနိုင်ငံဖြစ်သည့်အတွက်ကြောင့် ယူဆခြင်းဖြစ်သည်။
ထို့နောက် တိုင်းရင်းသား တန်းတူညီမျှမှု မရှိခြင်း၊ အာဏာခွဲဝေမှု အားနည်းခြင်း၊ သယံဇာတခွဲဝေမှုအားနည်းခြင်း၊ ဒီမိုကရေစီ ပျက်စီးသွားခြင်း၊ ဗဟိုချုပ်ကိုင်မှုအားကြီးခြင်း၊ မဟာဗမာ လူမျိုးကြီးဝါဒ ဖော်ဆောင်လာခြင်း၊ သဘော တရားရေးရာများ ကွဲပြားလာခြင်း စသည့် အခြေအနေများကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးယူပြီး နောက် လပိုင်းအကြာမှာဘဲ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရာမှာ ယနေ့ (၂၀၂၅ ခုနှစ်)အထိ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီးဖြစ်သည်။
လွတ်လပ်ရေး မရခင်တုန်းကလည်း ပဒေသရာဇ်စနစ်ကြောင့် ဘုရင်များသည် စစ်တိုက်၍ နယ်မြေချဲ့ထွင်၍ လူမျိုးစုများကြား စစ်ပွဲများဖြစ် အချိန်ကုန်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူမျိုးစုများ စုစုစည်းစည်း ဖြစ်လာမလားဆိုသော်လည်း ဖြစ်မလာဘဲ စစ်ပွဲများဖြစ်သာ အချိန်ကုန်နေပြန်သည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ၁၉၄၈ မှ ၁၉၅၈ ထိလည်းကောင်း၊ ၂၀၁၁ မှ ၂၀၁၅ ထိလည်း ကောင်း၊ ၂၀၁၅ မှ ၂၀၂၀ ထိလည်းကောင်း စသည့် အချိန်ကာလ သုံးပိုင်းသာ လူထုက ထိတွေ့ခံစားခွင့်ရရှိခဲ့ပြီ ကျန်အချိန်များမှာ စစ်ပွဲများအတွင်း အသက်ရှင် ရပ်တည်နေကြရသည်။
လက်နက်ကိုင်ထားသူ တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-အေပီ)
လက်ရှိကို ကြည့်ပါကလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးစားသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာပြီး အုပ်ချုပ်နေသည်။
ထို့နောက် လွတ်လပ်ခွင့်များ တဖြေးဖြေး လျှော့နည်းလာပြီး စစ်ဘောင်ကျယ်ပြန့်လာခြင်းနှင့်အတူ ဒီမိုကရေစီ ပျောက်ဆုံးလာနေသည်။
ထို့ကြောင့် ဒီမိုကရေစီ ပြန်လည် အားကောင်းလာရေးအတွက် ကြိုးပမ်းကြရာမှာ အုပ်စု ၂ စု ကွဲလာခဲ့သည်။ အုပ်စု တစ်စုကတော့ ရွေးကောက်ပွဲ ကျင်းပ၍ စစ်တပ်၏ အုပ်ချုပ်ရေးကို ဖယ်ရှားကာ ဒီမိုကရေစီစနစ် ပြန်လည်အား ကောင်းရေး ကြိုးပမ်းနေကြသည်။
နောက်ထပ် အုပ်စုတစ်စုကတော့ လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းဖြင့် စစ်တပ်၏ အုပ်ချုပ်ရေးကို ဖယ်ရှား ကာ ဒီမိုကရေစီစနစ် ပြန်လည်အားကောင်းရေး ကြိုးပမ်းနေသည်။
ထိုသို့ ကွဲလွဲနေချိန်မှာပဲ တချို့က ဒီမိုကရေစီကို ကာကွယ်ရန်အတွက် စစ်တိုက်နေခြင်းဟု ပြောသလို တချို့က တော့ ဒီမိုကရေစီ ဆုံးရှုံးသွားခြင်းကြောင့် စစ်တိုက်နေခြင်းဟု ပြောကြပြန်သည်။
အဆိုပါ အခြေအနေ ၂ ရပ်အကြား ပြည်သူလူထုသည် ကြားညှပ်၍ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လွတ်လပ်ခွင့် စသည့် အထွေထွေ ကျဆင်းမှု အကျပ်အတည်းများကို ရင်ဆိုင်ဖြတ်သန်းနေကြရသလို အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြသလို မိသားစုများ ဆုံးရှုံးသွားကြရခြင်းများလည်း ကြုံတွေ့နေကြရသည်။
စစ်ဘုရင်များကတော့ သူ့နယ်မြေ ကိုယ့်နယ်မြေအဖြစ် နယ်မြေအပိုင်စားများဖြင့် ရပ်တည်လျက်ရှိသလို နယ်မြေ အပိုင်စားများ ရရှိရေးအတွက်လည်း ကြိုးပမ်းနေကြသည်။ တချို့သော စစ်ဘုရင်များကတော့ အာဏာကို ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းနေကြသည်။
"နိုင်ငံတွေက စစ်ပွဲကို ဖန်တီးတယ်, စစ်ပွဲတွေက နိုင်ငံကို ဖန်တီးတယ်" လို့ ဖရန်စစ်ဖူကူယားမားက ပြောခဲ့ဖူး သည်။
မြန်မာပြည်မှာတော့ စစ်ပွဲများကနေ အမုန်းတရားများကို ဖန်တီးလာပြီး အမုန်းတရားများက နိုင်ငံကို ပြိုကွဲအောင် ဖန်တီးနေသည်ဟု ပြောရမလိုဖြစ်နေသည်။
အဆုံးမှာတော့ မြန်မာ့လူ့အဖွဲ့အစည်းသည် တဖြေးဖြေးနှင့် ပျက်စီးလာပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဟန့်အတားပေါင်းစုံဖြင့် ရင်ဆိုင်လာနေရသည်။
မြန်မာနိုင်ငံ အလံကို တွေ့ရစဉ်
စင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့သည့် လီယွမ်ယုကတော့ “ကင်မရာ ကိုင်ထားတဲ့သူတွေက သေနတ်ကိုင်ထားတဲ့ သူတွေထက် ဒီမိုကရေစီကို ပိုပြီး ကာကွယ်နိုင်တဲ့ အဖိုးတန် ကာကွယ်ရေးသမားဖြစ်တယ်”ဟု ၁၉၆၂ ခုနှစ်က ပြောခဲ့ဖူးသည်။
မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီနာမည်အောက်က သေနတ်ကိုင်ထားသူများသည် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ရေး၊ ဒီမိုကရေစီရေး ကာကွယ်နေသူများဆိုကာ စားပွဲဝိုင်းတစ်ခုတည်းမှာ မျက်နှာချင်းဆိုင်ထိုင်၍ ဆွေးနွေးနေချိန် အပ်တိုတစ်ချောင်းတောင် မကိုင်ထားသော ကလောင်/ကင်မရာ ကိုင်သူများကတော့ တိုင်းပြည်ပြိုကွဲအောင် လုပ်သူများဟု စွပ်စွဲခံနေရလေသည်။
လက်ရှိ မြန်မာနိုင်ငံသည် စစ်ဘောင်ကျယ်ပြီး နိုင်ငံရေးဘောင်ကျဉ်းကာ ဒီမိုကရေစီနာမည်အောက်မှာ စစ်ဘုရင် များက အုပ်ချုပ်နေသည့် နိုင်ငံအဖြစ် ရောက်ရှိနေပြီဖြစ်သည်။
ဒီမိုကရေစီနာမည်အောက်က စစ်ဘုရင်များ အုပ်ချုပ်သည့် နိုင်ငံအဖြစ်ကနေ ပြန်လည်ရုန်းထွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်အား ဖော်ဆောင်နိုင်ရေးအတွက် ပြည်သူလူထုများ စည်းလုံး ညီညွတ်ရန်လိုအပ်သလို မှန်ကန်သော ရပ်တည်ချက်များကို ရွေးချယ်နိုင်ရန်လိုအပ်သည်။
သို့မဟုတ်ပါက စတုတ္တနိုင်ငံပဲ ပြောပြော၊ ပထမနိုင်ငံပဲ ပြောပြော မြန်မာနိုင်ငံသည် ပြိုကွဲနိုင်ငံ သို့မဟုတ် ကျရှုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွားနိုင်သည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ အနီးပတ်ဝန်းကျင်များနှင့် အဝေးက ဧည့်သည်များသည် မြန်မာနိုင်ငံကို ကိတ်မုန့်ကဲ့သို့ အစိတ်စိတ် ခွဲခြမ်းမျှဝေရန်အတွက် ကြိုးပမ်းနေကြခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီနာမည်အောက်က စစ်ဘုရင်များ အုပ်ချုပ်နေသော နိုင်ငံအဖြစ်ကနေ ပြည်တွင်းညီညွတ်ရေး အင်အားဖြင့် ပြန်လည်၍ အသစ်တစ်ဖန် တည်ဆောက်နိုင်ရန်လိုအပ်သည်။
မည်သို့ပင်ဆိုစေကာမူ အနာဂတ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့်ဖက်ဒရယ်သည် မည်သို့မည်ပုံ ဖြစ်တည်လာမလဲ ဆိုသည်ကိုတော့ စောင့်ကြည့်ရန်သာ ရှိတော့သည်။
ဂရေဟမ်ဘဲလ်က “တံခါးတစ်ပေါက်က ပိတ်နေချိန်မှာ ပွင့်နေတဲ့ အခြားတံခါးတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့က ပိတ်နေတဲ့ တံခါးကိုပဲ ဝမ်းပန်းတနည်းနဲ့ အချိန်အကြာကြီး ထိုင်ကြည့်နေကြတယ်။ ကျနော်တို့အတွက် ဖွင့်ထားတဲ့ တံခါးတွေကို မမြင်နိုင်ကြဘူး”ဟု ပြောခဲ့လေသည်။