CNI Sport Article
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃
ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးအသင်းကို ၂ ဂိုးပြတ် အရှုံးကနေ အနိုင်ရအောင် ကစားနိုင်ခဲ့ပြီးနောက် ချန်ပီယံဆုအတွက် ပြေးလမ်းကြောင်းထဲ ဝင်ရောက်လာပြီလို့ ပြောလို့ရတဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟချက်ရှိပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံး အနိုင်ရပြီး အနီးကပ် ဖိအားပေးနေတာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ အသင်းဟာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်ဖို့ အဆင်သင့် မဖြစ် သေးဘူးလို့ အကြိမ်ကြိမ် ပြောနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ လက်ရှိအနေအထားနဲ့ သူတို့ရဲ့ လူစာရင်းစုဖွဲ့မှုက ချန်ပီယံဆုအတွက် ပြိုင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့တောင် ပြောရမှာပါ။
နည်းပြ မာရက်စ်ကာက အသင်းကို ဖိအားမပေးဘဲ တစ်ပွဲချင်းစီ ရလဒ်ကောင်းတွေ ရယူဖို့သာ အာရုံစိုက်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်း ရလဒ်တွေ ကောင်းမွန်နေမှုက လူစာရင်းထဲမှာ ကစားသမား အများအပြား ရှိနေတာက အားသာချက်တစ်ခုလို ဖြစ်သွားတာပါ။
နည်းပြ မာရက်စ်ကာကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းရဲ့ ကစားသမား များပြားမှုကြောင့် လေ့ကျင့်ရေးကွင်းနဲ့ အဝတ်လဲခန်းတွေမှာ နေရာလွတ် မရှိအောင် လူပြည့်နေတယ်ဆိုပြီး အစပိုင်းတုန်းက နောက်ပြောင်မှုတွေ အများကြီးရှိခဲ့ကြတာ ဖြစ်ပါတယ်။
နည်းပြ မာရက်စ်ကာဟာ လူစာရင်းထဲက အချို့ကို လျှော့ချခဲ့ပြီး ကျန်ရှိနေတဲ့ ကစားသမား အများအပြားနဲ့ ရှေ့ဆက်ခဲ့တာပါ။
ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာဟာ ကစားသမား အများအပြားရှိတဲ့ လူစာရင်းကို ပြိုင်ပွဲတွေမှာ ခွဲပြီး အသုံးပြုသွားတာကို မြင်တွေ့ခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ကွန်းဖရန့်လိဂ်နဲ့ ပြည်တွင်းဖလား ပြိုင်ပွဲတွေမှာ မတူညီတဲ့ လူစာရင်းတွေကို အသုံးပြုခဲ့ တာကြောင့် ကစားသမားတွေဟာ အနားယူချိန်တွေရခဲ့ပြီး လန်းလန်းဆန်းဆန်းနဲ့ သူတို့ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲ တွေကို အဓိက အာရုံစိုက်လို့ရတာပါ။
အခြားထိပ်သီး အသင်းတွေဆိုရင် ပြိုင်ပွဲတွေ ဆက်တိုက် ယှဉ်ပြိုင်နေ ချိန်မှာ သူတို့ရဲ့လူစာရင်းကို ကြီးကြီးမားမား အပြောင်းအလဲ ပြုလုပ်နိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ကစားသမားများပြားတဲ့ အားသာချက်ကို အသုံးပြုပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆု ပြေးလမ်းကြောင်းထဲ ဝင်ရောက်လာနေတာပါ။
ချယ်လ်ဆီးအသင်းသားတွေကိုတွေ့ရစဉ်
ချယ်လ်ဆီးအသင်း ဒီလိုမျိုး ရလဒ်ကောင်းတွေ ရရှိစေဖို့အတွက် ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ရှိတာကလည်း ကောင်းမွန်တဲ့ အချက်တစ်ချက် အနေနဲ့ ရှိနေပါတယ်။
မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကိုးလ်ပါလ်မာဟာ သူ့အတွက် ချယ်လ်ဆီးအသင်း ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် အများကြီး ထိုက်တန်တဲ့ ကစားသမားအဖြစ် အားလုံးရဲ့ အသိအမှတ်ပြုခြင်း ခံနေရတာပါ။
ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်သွင်းဂိုးတွေ သွင်းယူထားသလို ဂိုးဖန်တီးမှုတွေ အများ ကြီးလည်း ပြုလုပ်ထားပါတယ်။ ပြီးတော့ ကိုးလ်ပါလ်မာဟာ ပရီးမီးယားလိဂ်မှာ ပင်နယ်တီကန်သွင်းတာ ရာနှုန်းပြည့် ဂိုးဝင်ထားတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ နေရာစုံကနေ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေ အများအပြားကို ပိုင်ဆိုင်ထား တာကလည်း အသင်းအတွက် တကယ်ကို အကျိုးရှိခဲ့တာပါ။
အဲဒါကြောင့်လည်း ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး အသင်းအဖြစ် ၃၅ ဂိုးနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပေးဂိုး ၁၈ ဂိုး ပေးထားရပြီး ခံစစ်သာပိုပြီး ကောင်းမွန်မယ်ဆိုရင် အလွန်ပြီးပြည့်စုံနေမယ့် အခြေအနေကို ရောက်ရှိမှာပါ။
ချယ်လ်ဆီးနဲ့စပါးအသင်း ယှဉ်ပြိုင်နေစဉ်
ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံး ရလဒ်တွေကို ပိုင်ဆိုင်ထားပေမယ့် ချန်ပီယံဆု ပြေးလမ်း ကြောင်းထဲ ဝင်ရောက်တာ ပိုသေချာဖို့အတွက် အသင်းကြီးတွေနဲ့ တွေ့ဆုံတဲ့ပွဲတွေမှာ အနိုင်ရလဒ်တွေ ရယူနိုင်ဖို့ လိုအပ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ထိပ်သီး အသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကို အရေးနိမ့်ထား ပြီး အာဆင်နယ်နဲ့ ယူနိုက်တက် အသင်းတို့ကို သရေကစားထားကာ စပါးအသင်းကိုသာ အနိုင်ရရှိထားပါတယ်။
အဲဒါကြောင့် ချယ်လ်ဆီးအသင်း အနေနဲ့ ထိပ်သီးအသင်းတွေနဲ့ တွေ့တဲ့ပွဲတွေမှာ အနိုင်ရလဒ်တွေ ယူပြရမှာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၅ ပွဲပဲ ကစားထားရသေးပြီး နောက်ထပ် ပွဲစဉ်တွေ အများအပြား ကစားရဦးမှာဖြစ်လို့ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေကို တသမတ်တည်းဖြစ်အောင် လုပ်ဆောင်ရမှာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်း အနေနဲ့ ချန်ပီယံ ပြေးလမ်းကြောင်းကနေ တဆင့် ချန်ပီယံဆုကို စိန်ခေါ်နိုင် အောင် စွမ်းဆောင်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။