CNI International Article

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က Yung Aung(ယုံး‌အောင်)ဦးဆောင်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- က္ကပလန် (NSCN-K/YA) သည် အိန္ဒိယ၏ ရေနံကုမ္ပဏီဖြစ်သည့် Oil India Limited (OIL) ထံမှ အိန္ဒိယရူပီး ၂ သန်း ပေးရန် တောင်းဆိုခဲ့သည်။

ထိုခြိမ်းခြောက်ငွေညစ်သည့် တောင်းခံစာကို NSCN-K/YA ၏ ဗိုလ်မှူးဖြစ်သည့် Tha Aung က အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်၊ လိုဟစ် (Lohit ) ခရိုင်ရှိ Manabhum သစ်တောကြိုးဝိုင်းရှိ (OIL) ကုမ္ပဏီ၏ ရုံးခန်းကို ပေးပို့ခဲ့ခြင်းဖြစ်သည်။

 ထိုစာထဲတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်ထက် နောက်မကျဘဲ ငွေပေးရန် တောင်းဆိုထားသည်။

OIL ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ပရန်ကုရှ် မယ်လာ ဘူဇာဘာရူအာ (Prankush Malla Buzarbaruah)  က လည်း ထိုငွေတောင်းခံစာကို လက်ခံရရှိကြောင်း အတည်ပြုခဲ့သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်က လောင်းဒင်း (Longding) ခရိုင်ရှိ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် Akham Konyak ဦးဆောင်သည့် အဖွဲ့ဝင် ၁၀ ဦးပါ NSCN-K/YA အဖွဲ့က အရပ်သားနှစ်ဦးဖြစ်သည့် ဗစ်နက်ရှ် ကုမာ ဂျဟာ (Vignesh Kumar Jha) နှင့် ဘစ်ရှ်နူး ချက်ထရီ (Bishnu Chetry) တို့ကို ပြန်ပေးဆွဲဖမ်းဆီးခဲ့သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် အိန္ဒိယ-မြန်မာနယ်စပ်အနီး လောင်းဒင်းခရိုင်တွင် NSCN-K/YA တပ်ဖွဲ့ နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး NSCN-K/YA မှ ကေဒါတစ်ဦး သေဆုံးခဲ့သည်။

NSCN-K/YA ၏ မူလဇစ်မြစ်ကို ခြေရာခံရမည်ဆိုပါက ၁၈၈၀ ပြည့်နှစ်တွင် NSCN ဖွဲ့စည်းမှုမှ အစပြုရမည် ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံများတွင် နာဂလူမျိုးများ  နေထိုင်သည့် နေရာဒေသများ ပါဝင်သော ကြီးမြတ်သည့် နာဂနိုင်ငံတော်ကို ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် NSCN ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

NSCN သည် ၁၉၈၈ ခုနှစ်တွင်  Isak Chishi Swu နှင့် Thuingaleng Muivah ဦးဆောင်သည့် NSCN-IM နှင့် S.S. Khaplang ဦးဆောင်သည့် NSCN-K ဟူ၍ နှစ်ဖွဲ့ကွဲသွားခဲ့သည်။

NSCN-K သည် မြန်မာတွင် အများဆုံးအခြေစိုက်ပြီး အိန္ဒိယအခြေစိုက် NSCN-IM နှင့် ကွဲပြားသည့် မဟာဗျူဟာကို ကျင့်သုံးသည်။

NSCN-IM သည် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၁၉၉၇ ခုနှစ် အပစ်အခတ်ရပ်စဲရေးရခဲ့ ကာ နိုင်ငံရေးဆွေးနွေးမှုကို ထိန်းသိမ်းထားချိန်တွင် NSCN-K က Khaplang ၏ ဦးဆောင်မှုအောက်တွင် ၎င်း၏ စစ်ရေးရပ်တည်ချက်ကို ထိန်းသိမ်းထားသည်။

၂၀၁၇ ခုနှစ်တွင် Khaplang ကွယ်လွန်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၌ NSCN-K အဖွဲ့အတွင်းမှ  Yung Aung ဦးဆောင် သည့် NSCN-K/YA အမည်ရှိ အဖွဲ့တစ်ဖွဲ့  ထပ်မံကွဲထွက်လာခဲ့သည်။

Yung Aung ၏ အဖွဲ့ခွဲသည် အိန္ဒိယနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ပြုလုပ်ခဲ့သည့် NSCN-IM နှင့်မတူဘဲ ဆွေးနွေးညှိနှိုင်းမှုများကို ငြင်းပယ်ခဲ့ကာ အလုံးစုံ လွတ်လပ်ရေးရရန်သာ လှုပ်ရှားခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ်ဒေသကိုတွေ့ရစဉ်

Yung Aung ၏ ခေါင်းဆောင်မှုအောက်တွင် ထိုအဖွဲ့သည် အစွန်းရောက်ပြီး တင်းမာသည့် ချဉ်းကပ်မှုကို လုပ်ဆောင်ခဲ့သည်။ ၎င်းတို့အဖွဲ့၏ အယူဝါဒသည် အမျိုးသားရေး၊ တိုင်းရင်းသားနိုင်ငံရေး သီးသန့် အမှတ်လက္ခဏာနှင့် ခွဲထွက်ရေးဝါဒများကို အခြေခံထားသည်။

Yung Aung တို့အုပ်စုက အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ အခြေခံဥပဒေမူဘောင်များကို ငြင်းပယ်ကာ အိန္ဒိယနှင့် မြန်မာကို ကိုလိုနီများအဖြစ် တံဆိပ်ကပ်ခဲ့သည်။

ထို့ကြောင့် NSCN-K/YA ၏ ရပ်တည်ချက်သည် အိန္ဒိယ၏ ဖယ်ဒရယ်စနစ်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် ကျေအေးမှုရရှိခဲ့သည့် NSCN-IM နှင့် လုံးဝကို ဆန့်ကျင်နေသည်။

မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီးတွင် အဓိကလှုပ်ရှားနေသည့် NSCN-K/YA သည် ဒေသတွင်း စိန်ခေါ်မှုများ သည့် မြေပြင်အနေအထားကို အသုံးချပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကိုဖြတ်သန်းကာ နာဂပြည်နယ်၏ မွန် (Mon) ခရိုင် အပါအဝင် အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်၏ တီရက်ပ် (Tirap) ၊ ချန်းလန်း (Changlang) နှင့် လောင်ဒင်း (Longding) ခရိုင်များတွင် စစ်ဆင်ရေးများ လုပ်ဆောင်နေသည်။

မြေပြင်လမ်းကြောင်း အခြေအနေ အားသာမှုများကြောင့် NSCN-K/YA  သည် နယ်စပ်ဖြတ်ကျော် ရွှေ့လျှားနိုင်စွမ်း ပိုမိုကောင်းမွန်ခဲ့ပြီး အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များကို ရှောင်တိမ်းနိုင်ကာ အာသံလွတ်လပ်ရေး စည်းလုံညီညွတ်ရေး တပ်ဦး  (ULFA-I) ၊ မဏိပူရပြည်နယ်၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကဲ့သို့ စစ်သွေးကြွအဖွဲ့ များနှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။

ထိုမဟာမိတ်ဖွဲ့မှုကြောင်း NSCN-K/YA ၏ ထောက်ပို့လမ်းကြောင်းကို ပိုမိုကောင်းမွန်စေခဲ့ပြီး စစ်ဆင်ရေးဆိုင်ရာ ကွန်ရက်ကို ပိုမိုချဲ့ထွင်နိုင်ခဲ့သည်။

NSCN-K/YA ၏ ဖွဲ့စည်းပုံသည် ဝါစဉ်အလိုက် ကြီးစဉ်ငယ်လိုက်ဖြစ်သော်လည်း လုပ်ပိုင်ခွင့် အာဏာများကို နယ်မြေအနှံ့ ဖြန့်ကြက်ခဲ့သည်။

Yung Aung သည် ပြည်ပရေးရာကိစ္စရပ်များတွင် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ချမှတ်ရချိန်၌ စစ်မြေပြင် တပ်မှူးများကလည်း ဗဟို၏ အာဏာတစ်ဝက်၊ ၎င်းတို့၏လုပ်ပိုင်ခွင့် တစ်ဝက်ဖြင့် စစ်ဆင်ရေး လုပ်ဆောင်နိုင် သဖြင့် တန်ပြန်စစ်ဆင်ရေး အစီအစဉ်များကို တုန့်ပြန်ရာမှာ အဆင်ပြေချောမွေ့မှုရှိခဲ့သည်။

NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

NSCN-K/YA သည် လုံခြုံရေးတပ်ဖွဲ့များနှင့် အချိန်ကြာမြင့်စွာ အပြန်အလှန် တိုက်ခိုက်ခြင်းမပြုဘဲ ခြုံခိုတိုက်ခိုက် ခြင်း၊ ပစ်ပြီးပြေးသည့် ဗျူဟာ၊ ပြန်ပေးဆွဲမှုများ အပါအဝင် ပြောက်ကျားတိုက်ခိုက်ရေး နည်းဗျူဟာများကို ကျင့်သုံးသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှ လုပ်သားများကို ပြန်ပေးဆွဲခြင်း၊ OIL ကို ခြိမ်းခြောက် ငွေညှစ်ခြင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ULFA-I နှင့်ပူးပေါင်းပြီး ကျောက်မီးသွေးတွင်း လုပ်သား တစ်ဦးကို ပြန်ပေးဆွဲခြင်း အစရှိသည့် ဖြစ်ရပ်များက NSCN-K/YA ၏ နည်းဗျူဟာကို ပြသရာရောက်ခဲ့သည်။

ထိုကဲ့သို့ စစ်ဆင်ရေးပိုင်းဆိုင်ရာ ထိရောက်မှုများ ရှိခဲ့သည့်တိုင် အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုများရှိ ခဲ့ကာ ၂၀၂၃ ခုနှစ်တွင် NSCN-K/YA ၏ အဖွဲ့ထဲမှ Ang Mai ဦးဆောင်သော အဖွဲ့ခွဲတစ်ခု ထပ်မံကွဲထွက်ခဲ့သည်။

Yung Aung သည် စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းကြောင်း Ang Mai က စွပ်စွဲခဲ့ပြီး ၎င်းတို့ ၂ ဖွဲ့အကြား အပြန်အလှန် စွပ်စွဲမှု များ၊ ဝေဖန်ပြစ်တင်မှုများ ရှိခဲ့သည်။

Ang Mai အုပ်စုသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် အာရုနာချယ်ပရာဒေ့ရှ်နှင့် နာဂလန်း ပြည်နယ်တို့၏ နယ်စပ်ဒေသများတွင် လှုပ်ရှားသည်။

ထိုကဲ့သို့ သဘောထား ကွဲလွဲမှုများက ခေါင်းဆောင်ပိုင်း အငြင်းပွားမှုများနှင့် ပြိုင်ဆိုင်မှုများ အပါအဝင် နာဂ လက်နက်ကိုင် တပ်ဖွဲ့များအကြား စိန်ခေါ်မှုများကို ပိုမိုကြီးထွားလာစေခဲ့သည်။

အိန္ဒိယအစိုးရနှင့် သဘောတူညီမှု ရရှိခဲ့သည့် NSCN-IM ၏ ၂၀၁၅ မူဘောင် သဘောတူညီချက်သည် ပြန်လည် ပေါင်းစည်းရေးကို ရှေးရှုခဲ့ခြင်းဖြစ်သော်လည်း NSCN-K/YA ၏ စစ်ရေးလှုပ်ရှားမှုများက အဓိပ္ပာယ်ပြည့်ဝသည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အဟန့်အတားများ ဖြစ်စေခဲ့သည်။

ဆွေးနွေးညှိနှိုင်းမှုများကို ငြင်းပယ်ခြင်းဖြင့် NSCN-K/YA သည် သံတမန် အားထုတ်ကြိုးပမ်းမှုများ၏ စည်းဝိုင်း အပြင်ဘက်သို့ ရောက်ရှိသွားရုံသာမက နာဂငြိမ်းချမ်းရေးအတွက်လည်း အနှောင့်အယှက် တစ်ခုအဖြစ် ရှုမြင်ခံ ခဲ့ရသည်။

အိန္ဒိယနိုင်ငံအတွက်မူ NSCN-K/YA ၏ လှုပ်ရှားမှုများသည် နိုင်ငံအရှေ့မြောက်ပိုင်းတွင် အကြမ်းဖက်မှု တန်ပြန် နှိမ်နင်းရေး အားထုတ်ကြိုးပမ်းမှုကို ရှုပ်ထွေးစေခဲ့သည်။

အိန္ဒိယဘက်က အိန္ဒိယနိုင်ငံ၏ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး H.E. Mr. Vikram Misri နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ် 

NSCN-K/YA ၏ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများကို အိန္ဒိယနှင့် မြန်မာ အာဏာပိုင်များ ပါဝင်သည့် ပူးတွဲ တုန့်ပြန်မှုဖြင့် ဖြေရှင်းရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေ အဝင်/အထွက် တားဆီးရန်ခက်ခဲ့သည့် အိန္ဒိယ-မြန်မာ နယ်စပ်အခြေအနေနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများရှိ လုံခြုံရေး အခြေအနေ အားနည်းမှုတို့က NSCN-K/YA အတွက် ကြီးမားသည့် အားသာချက်များ ဖြစ်စေခဲ့သည်။

ထို့ပြင် NSCN-K/YA နှင့် အခြားအဖွဲ့များအကြား မဟာမိတ်ဖွဲ့မှုကလည်း အိန္ဒိယအရှေ့မြောက်ပိုင်းတွင် သောင်းကျန်းမှု အခင်းအကျင်းအတွက် အချိတ်အဆက်မိနေပြီး ဒေသတွင်း လုံခြုံရေးအတွက် စိန်ခေါ်မှုများ ပေါ်ပေါက်စေခဲ့သည်။

NSCN-K/YA ၏ သဘောထား တင်းမာသည့် စစ်ရေးခံယူချက်သည် အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ကျိုးပျက်လွယ် သော ငြိမ်းချမ်းရေး သဘောသဘာဝကို မီးမောင်းထိုးပြသရာ ရောက်နေသည်။

ရေရည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် အိန္ဒိယနှင့်မြန်မာအကြား ပေါင်းစည်းမှုရှိသော မဟာဗျူဟာ တစ်ရပ်အပေါ် မူတည်နေသည်။

နာဂလူမျိုးများ၏ ကိုယ်ပိုင်အမှတ်လက္ခဏာ၊ စိတ်ကူးစိတ်သန်းတို့၏ ရှုပ်ထွေးမှုကို အသိအမှတ်ပြုပြီး များစွာသော တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များ၏ အချင်းချင်း ပွတ်တိုက်မှုရှိသည့် ရည်မှန်းချက်များကိုလည်း အသိအမှတ်ပြုရန် လိုအပ်ပေသည်။

Source: Eurasia Review