CNI International Article 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀

ဆီးရီးယားနိုင်ငံတွင် အာဆက် (Assad) အစိုးရ ပြုတ်ကျသွားမှုအတွက် ဒမတ်စကတ် (Damascus) မြို့တော်တွင် အောင်ပွဲခံနေကြဆဲဖြစ်သည်။ 

နိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင် နေရာကွက်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှလွဲ၍ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သေဆုံးမှုများ ရပ်တန့်သွားပြီဖြစ်သည်။

ထိုအခြေအနေမျိုးတွင် အာဆတ် အစိုးရကိုဖြုတ်ချခဲ့သည့် လက်နက်ကိုင်များကို ဦးဆောင်ခဲ့သူဖြစ်သော အာမက် အယ်ရှာရာ (Ahmed al-Sharaa) အနေဖြင့် ဆီးရီးယားနိုင်ငံအတွက် ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝရေးနှင့် ဒီမိုကရေစီတို့ကို ဆောင်ကြဉ်းပေးနိုင်မည်လော ဟူ၍ မေးခွန်းထုတ်ရမည်ဖြစ်သည်။

မကြာသေးမီ အချိန်အထိ အဘူ မိုဟာမက် အယ်ဂျိုလာနီ (Abu Mohammed al-Jolani) ဆိုသည့် အမည်ဖြင့် လူသိများခဲ့သော မစ္စတာရှာရာသည် အယ်အေဒါအဖွဲ့အတွင်း လက်နက်ကိုင်ဘဝကို စတင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် သူသည် အကြမ်းဖက်သမားတစ်ဦး မဟုတ်သည့်တိုင် အကြမ်းဖက်သမားစာရင်း အသွင်းခံခဲ့ရသည်။ 

သို့သော် အစ္စလာမ်မစ် တစ်ဦးဖြစ်သည့် ရှာရာသည် ဒီမိုကရေစီနှင့် အမျိုးသမီး အခွင့်အရေးကို ခွင့်ပြုထားသော ခေတ်သစ် အစ္စလာမ် လုပ်နည်းလုပ်ဟန်များကို ငြင်းပယ်လိမ့်မည်ဖြစ်သည်။

HTS သူပုန်ခေါင်းဆောင် မစ္စတာရှာရာကို တွေ့ရစဉ်

ရှာရာအတွက် ဆီးရီးယား လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ဆွန်နီ မွတ်ဆလင်များနှင့် အဆင်ပြေရန် ခဲယဉ်း လိမ့်မည်ဖြစ်သည်။ ရှာရာကိုယ်တိုင်က ဆွန်နီ မွတ်ဆလင် တစ်ဦးဖြစ်သော်လည်း ၎င်း၏ အစ္စလာမ်မစ် လမ်းစဉ် သည် အစွန်းရောက်လှသည်။

ထို့ပြင် နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းဖြစ်သည့် အလာဝစ် (Alawites)၊ အစ္စမာအီလီ (Ismailis)၊ ရှီးယား မွတ်ဆလင် (Shia Muslims) ၊ ခရစ်ယာန် ( Christians)နှင့် ဒရုဇ် (Druze) တို့ကဲ့သို့ ဘာသာရေး လူနည်းစုများ ကိုလည်း စိုးရိမ်ထိတ်လန့်နေသည်။

အခြေအနေများ ပိုမိုဆိုးရွားစေနိုင်သည့် အချက်မှာ မွတ်ဆလင် လူနည်းစုဖြစ်သော အလာဝစ် လူမျိုးစုများသည် အာဆတ် မိသားစု၏ အုပ်ချုပ်မှုသက်တမ်း ၅၃ နှစ်အတွင်း ဆီးရီးယားကို ကြီးစိုးခဲ့ဖူးသည်။

ဆွန်နီ လူများစု၏ လွှမ်းမိုးမှုကို ထိတ်လန့်သည့် အခြားလူနည်းစုများကလည်း အလာဝစ် လူမျိုးစုကို ထောက်ခံခဲ့ ကြပြီး ထိုကာလများအတွင်း သိန်းနှင့်ချီသည့် ဆွန်နီမွတ်ဆလင် အများစု အပါအဝင် အပြစ်မဲ့ပြည်သူများ ညှင်းပန်း နှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းတို့ ရှိခဲ့သည်။

လက်ရှိတွင် အစ္စလာမ်မစ် ဆွန်နီအဖွဲ့ဟု အတိအလင်း ကြေညာခဲ့သည့် Hayat Tahrir al-Sham (HTS) အဖွဲ့သည် အာဆတ်အစိုးရကို ဖြုတ်ချခဲ့သည်။

မစ္စတာရှာရာကမူ လူနည်းစုအားလုံး၏ အခွင့်အရေးများကို လေးစားမည်ဖြစ်ကြောင်းနှင့် ဆီးရီးယားနိုင်ငံ အသစ် သည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မည်ဟု ကတိပြုခဲ့သည်။ 

ဆီးရီးယားနိုင်ငံ မြေပုံကိုတွေ့ရစဉ်

သို့သော် မည်သည့် အတိုင်းအတာအထိ ဒီမိုကရေစီကို ကျင့်သုံးမည်ဆိုခြင်းကို ပြောကြားခဲ့ခြင်းမရှိပေ။

ဆီရီးယားတွင် အာရပ်၊ ကာ့ဒ်၊ တာ့ခ်မန်၊ ဒရုဇ် ကဲ့သို့ လူမျိုးစုများ မတူကွဲပြားမှုနှင့် ၁၃ နှစ်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် နိုင်ငံလူဦးရေ ထက်ဝက်ခန့်သည် ပြည်တွင်း/ပြည်ပတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရကာ တူရကီ၊ ရုရှား၊ အစ္စရေးနှင့် အမေရိကန် စစ်သားများကလည်း ဆီးရီးယားနိုင်ငံတွင် တပ်များ ဖြန့်ကြက်ချထား သည်။

ဒမတ်စကတ်မြို့တော်တွင် HTS အဖွဲ့က ရွေးချယ်ခဲ့သည့် အစိုးရအဖွဲ့သည်လည်း တူရကီက ထောက်ပံ့ပေးသည့် ငွေကြေးမှလွဲပြီး အခြားဝင်ငွေ အရင်းအမြစ် မရှိသေးပေ။

နိုင်ငံအတွင်းရှိ လူမျိုးစု အားလုံးသည်လည်း လက်နက်များကိုင်ထားကာ HTS တပ်ဖွဲ့များသည် လက်ရှိတွင် နိုင်ငံနယ်နိမိတ်၏ ၄ ပုံ ၁ ပုံခန့်ကိုသာ ထိန်းချုပ်ထားသည်။

အစ္စရေးကလည်း ဆီးရီးယားလေတပ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး ဆီးရီးယား နယ်စပ်ဒေသတစ်လျှောက်ရှိ နယ်မြေများကို ထိန်းချုပ်ထားသည်။

အာဆက် အစိုးရကို ထောက်ခံခဲ့သည့် ရုရှားတပ်ဖွဲ့များသည် ဆီးရီးယားမှ ထွက်ခွာဖွယ်ရှိသော်လည်း တာ့ခ်လူမျိုး များက နယ်စပ်ဒေသတစ်လျှောက် ဆီးရီးယားနယ်မြေပေါ်တွင် ကြားခံဇုန်အဖြစ် ဖန်တီးနေသည်။

သို့ဆိုလျှင် ဆီးရီးယား၏ အကြီးမားဆုံး ပြဿနာသည် ဘယ်အရာနည်း။

အထက်တွင် ဖော်ပြထားသည့် အကြောင်းအရာများသည် အကြီးမားဆုံးပြဿနာ မဟုတ်ပေ။

ဆီးရီးယားနိုင်ငံ လွတ်လပ်ခြင်းကို ဖော်ပြထားစဉ်

အကြီးမားဆုံးပြဿနာမှာ HTS သည် အာဖဂန်နစ္စတန်ကဲ့သို့ ဘာသာရေး အာဏာရှင်စနစ် ကျင့်သုံးမည့် အရေး ဖြစ်သည်။

ထိုအခြေအနေသည် အမေရိကန်၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အစွန်းမရောက်သည့် ဆွန်နီနိုင်ငံများ သာမက ရှီးယိုက်နိုင်ငံများနှင့် လူနည်းစုများအတွက်ပါ စိုးရိမ်ဖွယ် အခြေအနေဖြစ်သည်။

ထိုအခြေအနေမျိုးတွင် ဆီးရီးယားသည် အကြမ်းဖက်နိုင်ငံအဖြစ် ဖယ်ကြဉ်ခံရဖွယ်ရှိပြီး ပြည်သူများ နောက်တစ်ကြိမ် ဒုက္ခရောက်ကြမည်ဖြစ်ကာ မဆုံးနိုင်သည့် တိုက်ပွဲများ ပြန်ဖြစ်လာဖွယ်ရှိသည်။

ထိုအခြေအနေကို တားဆီးရန်အတွက် ဘာသာရေးမနွှယ်သည့် ဒီမိုကရေစီကို ကျင့်သုံးရန်ဖြစ်သော်လည်း HTS အနေဖြင့် ထိုသို့ လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်သည့်တိုင် အဖြစ်နိုင်ဆုံး ဖြေရှင်းနည်းဖြစ်သည့် ရှေးဟောင်း Ottoman millet စနစ်ကို၏ အချို့ပုံစံများကို ကျင့်သုံးရမည်ဖြစ်သည်။

ထိုစနစ်အရ ဘာသာရေးအုပ်စုတိုင်းသည် မိမိတို့ကိုယ်ပိုင် အရေးကိစ္စကို မိမိတို့ကိုယ်တိုင် စီမံရခြင်းဖြစ်သည်။ 

သို့သော် ဆွန်နီတာ့ခ်များက ကြီးမားသည့် ဆုံးဖြတ်ချက်များကို ချမှတ်သည်။

ဆီးရီးယားနိုင်ငံအတွင်းက မြို့ပျက်ကြီးကိုတွေ့ရစဉ်

ဆီးရီးယား ဖြစ်စဉ်မျိုးတွင် ဆွန်နီအာရပ်များက ဆုံးဖြတ်ချက်များကို ချရမည်ဖြစ်ပြီး အခြားဘာသာရေး အုပ်စု များက ၎င်းတို့၏ သက်ဆိုင်ရာ နယ်မြေများတွင် ကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရမည်ဖြစ်သည်။

ထိုပုံစံမျိုးသည် ရှေးဟောင်း လက်ဘနွန်၏ ပုံစံမျိုးနှင့် ဆင်တူနေသည်။ လက်ဘနွန် နိုင်ငံသည်လည်း ၁၅ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အပြည့်အဝ နာလန်မထူနိုင်သေးပေ။

သို့သော် လက်ဘနွန်နိုင်ငံသည် အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ တိုက်ပွဲကြားတွင် ကြားညပ်ခဲ့ခြင်း မရှိပါက ယနေ့ အချိန်တွင် နိုင်ငံတစ်ခုအဖြစ် အပြည့်အဝ လည်ပတ်နိုင်ဖွယ်ရှိသည်။

လက်ဘနွန်နိုင်ငံသည် ဒီမိုကရေစီ အပြည့်အဝ ကျင့်သုံးခြင်း မရှိသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့ ရှိနေသေးသည်။

ထိုသို့ အလျှော့/အတင်းများကို ရှာရာနှင့် HTS တို့က လက်ခံရန် ခက်ခဲလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေး အယူဝါဒ တင်းကျပ်သူများသည် ဘာသာရေး မနွှယ်သည့်နိုင်ငံကို ထူထောင်ရန် အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။

မစ္စတာရှာရာ အနေဖြင့် သူ့ကိုယ်သူ ဒီမိုကရေစီနှင့် ဘာသာရေး မနွှယ်သည့်နိုင်ငံကို လက်ခံသူအဖြစ် ပုံဖော်ခဲ့မည် ဆိုသည့်တိုင် သူ့ပတ်ဝန်းကျင်တွင် ရှိနေသည့် HTS အဖွဲ့ဝင်များက ထိုအယူအဆကို လက်ခံမည် ဟုတ်/မဟုတ်ကို မေးခွန်းထုတ်ရမည်ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်