CNI International News
ဒမတ်စကတ်၊ ဇန်နဝါရီ ၁၄
ဆီးရီးယားနိုင်ငံ အလက်ပို (Aleppo) မြို့တွင် ကာ့ဒ်လက်နက်ကိုင်များ ဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့(SDF)များ ထပ်မံ ရောက်ရှိလာခဲ့ပြီးနောက် ဆီးရီးယားအစိုးရသည် အလက်ပိုမြို့ အရှေ့ဘက် ကျေးလက် ဒေသများသို့ စစ်သားများ စေလွှတ်ထားကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အလက်ပိုမြို့အတွင်း ဆီးရီးယားစစ်တပ်နှင့် SDF တပ်ဖွဲ့များ ရက်အတန်ကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောက် SDF တပ်ဖွဲ့များ မြို့အတွင်းမှ ထွက်ခွာသွားခဲ့ကာ ယခုအခါတွင် SDF တပ်ဖွဲ့များ ပြန်လည်ဝင်ရောက် လာခြင်းဖြစ်သည်။
ဆီးရီးယားစစ်သားများသည် အလက်ပိုမြို့ အရှေ့ဘက်ရှိ တပ်ဖြန့်ရာ နေရာများသို့ ဦးတည် ချီတက်နေသည့် ရုပ်သံမှတ်တမ်းများကို ဆီးရီးယားအစိုးရပိုင် SANA သတင်းဌာနက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်လွှင့်ပြသခဲ့သည်။
အလက်ပိုမြို့ အရှေ့ဘက် မာစကာနာ (Maskana) နှင့် ဒီယာ ဟာဖာ (Deir Hafer) မြို့များအနီး SDF အဖွဲ့၏ တပ်ဖြန့်သည့် နေရာများသို့ လက်နက်ကိုင်အဖွဲ့များ ထပ်မံ ရောက်ရှိလာခြင်းကို ဆီးရီးယားစစ်တပ်၏ စစ်ဆင်ရေး အဖွဲ့များက သိရှိခဲ့ကြောင်း SANA သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။

ကာ့ဒ်တပ်ဖွဲ့ကို တွေ့ရစဉ်
မိမိတို့၏ ထောက်လှမ်းရေး သတင်းများအရ ထိုလက်နက်ကိုင် အဖွဲ့များထဲတွင် ကာ့ဒ်အလုပ်သမားပါတီ (PKK) မှ တိုက်ခိုက်ရေးသမား အများအပြား ပါဝင်နေသည်ဟု ဆီးရီးယားစစ်တပ်က ထုတ်ပြန်ခဲ့သည်။
PKK အဖွဲ့သည် တူရကီနိုင်ငံနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ ပြီးခဲ့သည့်နှစ်က တူရကီနိုင်ငံအတွင်းရှိ ၎င်းတို့၏ တပ်ဖွဲ့အားလုံးကို အီရတ်မြောက်ပိုင်းသို့ ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထို့ပြင် PKK အဖွဲ့သည် လူပေါင်းများစွာ သေဆုံးစေခဲ့သော တူရကီအစိုးရနှင့် ဆယ်စုနှစ် ၄ ခုကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရန် လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်များအား လုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။
SDF အဖွဲ့ကမူ အလက်ပိုမြို့ အရှေ့ဘက် ဒီယာဟာဖာမြို့၏ ရှေ့တန်း စစ်မျက်နှာသို့ စစ်အင်အားများ ဖြန့်ကြက် ထားသည်ဟု ပြောကြားခဲ့သည့် ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
Source: အယ်လ်ဂျာဇီးယား
