CNI International News
ဒမတ်စကတ်၊ ဇူလိုင် ၂၁
ဆီးရီးယားအစိုးရသည် ယခုသီတင်းပတ်အတွင်း နိုင်ငံတောင်ပိုင်းသို့ စစ်သားများ ဖြန့်ကြက်ချထားခဲ့ပြီးနောက် အစ္စရေး၏ တုံ့ပြန်လာဖွယ်ရှိသည့် အလားအလာကို အဓိပ္ပာယ်ကောက်လွဲနေသည်ဟု ထိုကိစ္စနှင့်ရင်းနှီးသည့် သတင်းရင်းမြစ် ၈ ဦးက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေးသည် ဇူလိုင် ၁၆ ရက်က ဆီးရီးယားတပ်ဖွဲ့များနှင့် ဒမတ်စကတ် (Damascus) မြို့တော်ကို လေကြောင်း တိုက်ခိုက်ခဲ့သည်။
ဆီးရီးယားတပ်ဖွဲ့များသည် ဆဝိုက်ဒါ (Sweida) မြို့ရှိ ဒရုဇ် (Druze) လူမျိုးစုများကို သတ်ဖြတ်နေကြောင်း အစ္စရေးက စွပ်စွဲခဲ့ပြီး ဒမတ်စကတ်မြို့တော်ကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားအစိုးရကမူ နိုင်ငံတောင်ပိုင်းတွင် တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချထားရန် အမေရိကန်နှင့် အစ္စရေးတို့ထံမှ ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ကြောင်း မှားယွင်းစွာယူဆခဲ့သည်။
ထို့နောက် အစ္စရေးကမူ ဆီးရီးယားတပ်ဖွဲ့များကို အစ္စရေး၏ နယ်စပ်ဒေသဖြစ်သည့် ဆီးရီးယားတောင်ပိုင်း၌ ဖြန့်ကြက်ချထားခြင်း မပြုရန် ကာလကြာရှည် သတိပေးထားသည်ဟု ဆီးရီးယားနိုင်ငံရးနှင့် စစ်ရေးအရာရှိများ၊ သံတမန် ၂ ဦးနှင့် ဒေသတွင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဆဝိုက်ဒါမြို့က လက်နက်ကိုင်ထားသူ တစ်ဦးကိုတွေ့ရစဉ်
ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် သောမတ် ဘာရက် (Thomas Barrack) က ဆီးရီးယား အနေ ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများ မရှိဘဲ ဗဟိုက ချုပ်ကိုင်သည့်စနစ်ကို ကျင့်သုံးရန်နှင့် လူနည်းစု အပါအဝင် ဆီးရီးယားပြည်သူအားလုံးကို ကာကွယ်ပေးရန် ပြောကြားခဲ့သည်။
ဆီးရီးယားအစိုးရက ထိုမှတ်ချက်စကားကို တလွဲအဓိပ္ပာယ်ကောက်ပြီး ဆဝိုက်ဒါမြို့သို့ တပ်ဖွဲ့ဝင်များ စေလွှတ် ခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
သောမတ်ဘာရက်၏ ပြောကြားချက်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း အမေရိကန်သည် ဆီးရီးယားနိုင်ငံ၏ နယ်နိမိတ်များအားလုံး ပေါင်းစည်းရေးကို အားပေး ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဆဝိုက်ဒါမြို့သို့ တပ်ဖွဲ့များ ဖြန့်ကြက်ချထားမှုသည် သောမတ်ဘာရက် ၏ မှတ်ချက်စကားကြောင့် မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
နိုင်ငံတောင်ပိုင်းသို့ လုံခြုံရေးတပ်ဖွဲ့များ စေလွှတ်ခြင်းသည် သွေးချောင်းစီ လူသတ်ပွဲများကို တားဆီးရန်နှင့် အရပ်သားများကို ကာကွယ်ရန်သာဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ဆီးရီးယားလုံခြုံရေး တပ်ဖွဲ့များသည် ဆဝိုက်ဒါမြို့တွင် ဒရုဇ်လူမျိုးစုများနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဘီဒူအင် (bedouin) လူမျိုးစုများဘက်မှ ကူညီတိုက်ခိုက် ပေးနေကြောင်း စွပ်စွဲခံထားရသည်။
Source: ရိုက်တာ