CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်ရှိ အခင်းအကျင်းနှင့်အညီ ပြုပြင် သင့်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ(EAOs)ကို စပ်ကြားနယ်မြေ သတ်မှတ်ပေးရန် အရေးကြီးလိုအပ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားနေပြီး နယ်မြေပိုင်ဆိုင်ရေး ကို အားလုံးက ကြိုးပမ်းနေကြသည်။

နှစ်ဖက်တပ်များကြား ပွတ်တိုက်မှုမဖြစ်အောင် EAO များကို စပ်ကြားနယ်မြေသတ်မှတ်ပေးရန်လိုအပ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ပြည်နယ်များအား လုပ်ပိုင်ခွင့်များ ပေးသင့်သလောက် ပေးရန်လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “NCA မှာပါတဲ့ အချက်အလက်တွေထဲ အဓိကကျတာ တစ်ခုက နှစ်ဦးသား စပ်ကြားနယ်မြေ ဖန်တီးပေး ရမှာပေါ့။ သူတို့ လှုပ်ရှားတဲ့နယ်မြေ ဥပမာ “ဝ”ဆိုရင် သူ့ဟာသူ သူ့နယ်မြေနဲ့သူ သံလွင်မြစ် ဟိုဘက်ခြမ်းမှာ လွတ်လွတ်လပ်လပ် နေနေတယ်။ ပိုက်ဆံတွေလည်း ကောက်တယ်။ သူ့ရပ်တည်မှုနဲ့သူ လုပ်တယ်။ KNU ကြ တော့ အဲဒီလို လုပ်လို့ မရဘူးလေ။ သူ့ရဲ့စပ်ကြားနယ်မြေမှာကိုက တပ်ရော သူရော စိုးမိုးနေတာ။ ဘယ်သူမှ အပြည့်အဝ ဆုပ်ကိုင်ထားခြင်းမရှိဘူး။ အဲဒီအခါကြတော့ သူကလည်း သူ့အဖွဲ့ ရပ်တည်မှုအတွက် ဆက်ကြေး ကောက်မယ်၊ ပိုက်ဆံတောင်းမယ်။ အဲဒါမျိုးရှိတဲ့ အခါကြတော့ ပွတ်တိုက်မှု ဖြစ်တာပေါ့။ အဲဒါကို ကျနော်တို့က နယ်မြေ သတ်မှတ်ပေးမလား၊ သတ်မှတ်ပေးဖို့ အရေးတစ်ခုက တော်တော်အရေးကြီးတယ်။ ဒါက တစ်ချက်ပေါ့။ နောက်တစ်ခုက ဒီလူတွေကို ငြိမ်းချမ်းရေးစကားက ပြောသင့်ပါတယ်။ ပြောလည်းပြောရမှာပေါ့။ ဒါပေမယ့် ငြိမ်းချမ်းရေးစကားထက်ကို ကိုယ့်ဘာသာ ပြုပြင်ပြောင်းလဲသင့်တာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့က ပိုအရေး ကြီးတယ်လို့ ကျနော်က မြင်တယ်။ အဲဒီအပိုင်းမှာ အားနည်းမှုရှိနေတာကို တွေ့တယ်။ လိုသေးတာပေါ့။ ဥပမာ ပြောရမယ်ဆိုရင်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့အချက်အလက်တွေကို ပြည်နယ်တွေကို ပေးသင့် သလောက် အဲဒါတွေ ပေးရမှာပေါ့” ဟု ပြောသည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၈ ရက်တွင် အပစ်ရပ်စဲရေးကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ၂၀၁၁-၂၀၁၂ ခုနှစ်များအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ပြည်ထောင် စုအဆင့် အပစ်ရပ်စဲရေးစာချုပ်(Bilateral) လက်မှတ်ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင် ဆွေးနွေပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်မှာ NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။

NCA စာချုပ် မူကြမ်းရရှိပြီးနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တို့ဖြင့်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

SNA ကိုတွေ့ရစဉ်

NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် စတင်ရေးထိုးခဲ့ကြခြင်း ဖြစ်ကာ လာမည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်၌ (၁၀) နှစ်ပြည့်တော့မည် ဖြစ်သည်။

NCA စာချုပ်အရ အချို့လုပ်ငန်းစဉ်များသည် ၂၀၂၀ ပြည့်နှစ်အထိသာ လုပ်ဆောင်နိုင်ခဲ့ပြီး ၎င်းနောက်ပိုင်းတွင် ရပ်တန့်သွားသည်မှာ ယနေ့အထိဖြစ်ကြောင်း NCA ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များက ထောက်ပြ ကြသည်။

ထို့ပြင် NCA စာချုပ်သည် နိုင်ငံတကာမှလည်း အသိအမှတ်ပြုထားခြင်း ဖြစ်သည့်အတွက် ပြန်လည်ပြင်ဆင် မည်ဆိုပါက NCA စာချုပ်ကို စတင်အတည်ပြုစဉ်က ပါဝင်ခဲ့ကြသူများ အားလုံးပါဝင်ပြီး ပြင်ဆင်ခြင်းက ပို၍ သဘာဝကျကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “NCA လက်မှတ် ရေးထိုးထားတုန်းကရော၊ ရေးဆွဲထားတုန်းကရော အဲဒီလူတွေနဲ့ ပြန်လည်ညှိနှိုင်းပြီး ပြင်တာဆင်တာ လုပ်သင့်တယ်လို့ ထင်တယ်။ ဘယ်လိုပြင်သင့်တယ်၊ ဘယ်လိုမပြင်သင့်ဘူးဆိုတာတော့ မှတ်ချက် မပေးလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA တကယ့် စာချုပ်ပါအတိုင်း အဆင်ပြေပြေ အလုပ်လုပ်နိုင် ခဲ့လား။ ဆိုလိုတာက ဒီစာချုပ်သည် ကျနော်တို့အတွက် တကယ် အလုပ်ဖြစ်ခဲ့သလားပေါ့။ အလုပ်ဖြစ်ခဲ့ရင် အဲဒီ အတိုင်း ကျနော်တို့က ဆက်သွားရမယ်၊ အလုပ်မဖြစ်ရင်တော့ အဲဒါကြတော့ မြေပြင်အခြေအနေပေါ် မူတည် ပြီးတော့ ပြင်သင့်၊ မပြင်သင့် ဆုံးဖြတ်ရမယ်လို့ ယူဆပါတယ်” ဟု  ၎င်းက ပြောသည်။

NCA စာချုပ်ကို ပြန်လည်ပြင်ဆင်မည်ဆိုပါကလည်း အထွေထွေရွေးကောက်ပွဲပြီးနောက် လွှတ်တော်တစ်ရပ် ပေါ်လာသည့် အခါတွင် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် NCA သည် ပြဿနာဖြစ်နေခြင်း မဟုတ်ဘဲ NCA ပါ အချက်များကို အကောင်အထည်ဖော်နိုင်မှု အပေါ်တွင်သာ အဓိကကျကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာ ရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

လက်ရှိတွင် NCA စာချုပ်ကို ပျက်သွားပြီဟုဆိုကာ ABSDF၊ CNF၊ KNU တို့က ကြေညာ၍ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို PNLO၊ ALP၊ LDU၊ NMSP သည်လည်း ၂ ဖွဲ့ခွဲသွားကာ NCA ကနေ နုတ်ထွက်သူနှင့် NCA လမ်းကြောင်းပေါ်မှာ ဆက်လက် ရပ်တည်သူဆိုကာ ဖြစ်နေသည်။

အလားတူ MNDAA၊ KIA၊ TNLA၊ SSPP၊ RCSS၊ PDFs၊ SNA၊ KNU၊ NMSP စသည့် လက်နက်ကိုင်များကြားမှာ နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားကာ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။