CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁

အိန္ဒိယနိုင်ငံကို ပို့ဆောင်မည့် မူးယစ်ဆေးဝါးများနှင့် အဖွဲ့ကို ကလေးမြို့မှ တမူးမြို့ဘက် ထွက်ခွာလာစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု Chin National Organization (Upper Chindwin Region)မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အဖွဲ့သည် WY ဆေးပြား ၄ အိတ် (ဆေးပြားအလုံးရေ ၈ သိန်း)ကို လူ ၅ ဦး၊ ဆိုင်ကယ် ၄ စီးဖြင့် သယ်ဆောင်၍ ကလေးမြို့မှ တမူးမြို့ဘက်သို့ ထွက်ခွာလာစဉ် ကလေးမြို့နှင့်ရာဇာဂြိုလ်မြို့ကြားမှာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု CNO က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုမူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံ၊ EM ဆိုသူထံ ပေးပို့မှာဖြစ်ကြောင်း သိရသည်။

 CNO က “ ကလေး-ကဘော်ဒေသမှာ CNO က မူးယစ်ဆေးဝါး သယ်ဆောင်သူ၊ ဖြန့်ဝေသူ၊ သုံးစွဲသူနှင့် ရောင်းချ သူများ သိရှိပါက ဆက်လက် ဖမ်းဆီးအရေးယူမှာဖြစ်ပြီး ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ပါတယ်။ ထို့ကြောင့် ကလေး-ကဘော်ဒေသ CNO လှုပ်ရှားနယ်မြေအတွင်း လူငယ်များ မူးယစ်ဆေးဝါး သားကောင် မဖြစ်ဖို့၊ ရပ်ရွာ သာယာလှပဖို့ မိဘပြည်သူများကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်း အပ်ပါတယ်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားနေပြီး နယ်မြေ မတည်မငြိမ်မှုများဖြစ်ပွားနေသည်။

ထို့နောက် တရားဥပဒေ စိုးမိုးမှု အားနည်းလာပြီးနောက် လက်နက်နှင့်မူးယစ်မှောင်ခို လုပ်ငန်းများ အရှိန်မြင့်တက် လာနေသည်။