CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါး လက်နက်ချ အလင်းဝင်လာ မှုကြောင့် မြန်မာ့တပ်မတော် အနေဖြင့် ဘယ်လို အကျိုးဖြစ်ထွန်းသွားသလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

ဗိုလ်နဂါးသည် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် ၅ နှစ်ကြာ လက်နက်ကိုင်၍ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း လှုပ်ရှားခဲ့သူဖြစ်သည်။

ထိုကဲ့သို့ လူပုဂ္ဂိုလ်ကို တပ်မတော်ဘက်မှ ရရှိလိုက်သည့်အတွက် ၎င်းတို့နှင့် တိုက်ပွဲများ ရပ်တန့်သွားသဖြင့် လူ့ စွမ်းအား အရင်းအမြစ် ဆုံးရှုံးခြင်း၊ ၎င်းနယ်မြေဒေသကို ပြန်လည်ထူထောင်နိုင်ရေး အစရှိသော အချက်များအပြင် အများကြီး အားသာချက်ရှိသွားကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော် ထိပ်သီးခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “အရေးကြီးသော အချက်ကတော့ ဗိုလ်နဂါးလို လူမျိုးပဲဖြစ်ဖြစ်၊ တခြားဘယ် အဖွဲ့အစည်းပဲဖြစ်ဖြစ် အလင်းဝင် သွားတဲ့အခါမှာ မလိုအပ်ဘဲနဲ့ လူ့စွမ်းအားအရင်းအမြစ် အသက်တွေ သေဆုံးတာ၊ ဆုံးရှုံးတာမဖြစ် တော့ဘူး။ တိုက်ပွဲဖြစ်ပွားမှုကို ရပ်တန့်နိုင်တဲ့ အတွက်ကြောင့် မလိုလားအပ်တဲ့ လက်နက်ခဲယမ်းတွေ သုံးစရာ မလိုဘူး၊ ငွေကြေးကုန်ကျမှု မရှိတော့ဘူး။ အဲဒါကတော့ ကျနော်တို့အတွက် ရလိုက်တဲ့ အကြီးမားဆုံးအမြတ်ပဲ။ နောက်တစ်ချက်ကတော့ သူရှိနေတဲ့ နယ်မြေဒေသသည် နဂိုကတော့ လက်နက်ကိုင်ထားတဲ့ အတွက်ကြောင့် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုပိုင်း တည်ဆောက်ရာမှာ အခက်အခဲ ရှိနိုင်တယ်။ သွားဖို့၊ လာဖို့၊ ညှိဖို့၊ နှိုင်းဖို့တွေ အခက်အခဲတွေ ရှိသွားတယ်။ ဒါဆိုရင် အဲဒီလိုမျိုး နယ်မြေဒေသဟာ အခုလိုမျိုး ငြိမ်းချမ်းရေး ယူလိုက်တဲ့အတွက်၊ အလင်းဝင်လိုက်တဲ့ အတွက်ကြောင့် အဲဒီနယ်မြေဒေသ ပြန်လည်ထူထောင်ရေးနဲ့ လုံခြုံရေးလုပ်ဖို့အတွက် အင်မတန် အားသာချက်ရှိသွားပြီ။ တပ်မတော်တစ်ရပ် အနေနဲ့ အားသာချက်မျိုးကတော့ ပြောစရာမလိုဘူး။ ပထမ ၂ ချက်နဲ့တင် အတော်ကြီး ပြည့်စုံသွားပြီ။ တပ်မတော် အနေနဲ့ကတော့ ရှင်းပါတယ်။ နောက်ဆုံး ဒီအဖွဲ့က လက်နက်စွန့် လိုက်ပြီးတော့ အကယ်၍များ သူတို့နယ်မြေဒေသမှာ လုံခြုံရေးအတွက် တစ်ဖက်တစ်လမ်းက ပါဝင် ချင်တဲ့ ကိစ္စတွေ၊ နောက်ဆုံး BGF လိုပုံစံမျိုး ပြောင်းသွားမယ်ဆိုရင်တောင် အကျိုးအမြတ်က နောက်ထပ် အများ ကြီး အများကြီး ရဖို့တွေ ရှိတာပေါ့။ အဲဒီအပိုင်းကတော့ နောက်ပိုင်း ကျနော်တို့ စောင့်ကြည့်ရမှာပေ့ါ။ ကျနော်ပြော တဲ့ ပထမတစ်ချက် လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှု၊ မလိုလားအပ်ပဲနဲ့ ဆုံးရှုံးရမယ့် လူ့စွမ်းအားအရင်းအမြစ်တွေ၊ သဘာဝ သယံဇာတတွေ၊ ပတ်ဝန်းကျင်ပျက်စီးမှာ ဒါတွေကို ရပ်တန့်နိုင်လောက်တယ်။ ဒါသည် ပထမဆုံး အားသာချက်ပဲ။ ဒုတိယတစ်ချက်ကတော့ နယ်မြေကို ပြန်လည်ထူထောင်ရေးမှာ သိပ်ကို ကောင်းတဲ့ အားသာချက် ရသွားတယ်။ အဲဒီ ၂ ချက်နဲ့တင် အများကြီး လုံလောက်သွားပါပြီ” ဟု ပြောသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က BNRA အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင်များ သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း နေပြည်တော်က သတင်း ထုတ်ပြန်ထားသည်။

ဗိုလ်နဂါးဘက်မှ တပ်မတော်ထံ လက်နက်ချ အလင်းဝင်ကာ ပူးပေါင်းသွားပြီးနောက် ဗိုလ်နဂါး ခေါင်းဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဝင် ၁၅၀ ခန့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များထံ ချိတ်ဆက်အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်းခြင်းနှင့် လက်နက်ချခြင်းများ လုပ်ဆောင်လာနေသည်ဟု NUG ဘက်က ထုတ်ပြန်သည်။

ထို့ပြင် ဗိုလ်နဂါး အပါအဝင် BNRA တပ်ဖွဲ့ဝင်အချို့ကို သက်ငယ်မုဒိမ်းမှု၊ တော်လှန်ရေးတပ်ဖွဲ့ဝင်ကို သတ်မှု၊ PDF ဂိတ်စခန်း စီးနင်းမှု အစရှိသော အမှု ၇ ခုအတွက် အမှုဖွင့်ထားကြောင်းလည်း NUG က ထုတ်ပြန်ခဲ့သည်။

 ဗိုလ်နဂါး အလင်းဝင်လာစဉ်

ဗိုလ်နဂါးသည် ၎င်းလှုပ်ရှား နယ်မြေဒေသ၌ ခေါင်းဆောင်ပိုင်းဖြစ်သောကြောင့် ယခုကဲ့သို့ အလင်းဝင် သွားခြင်းက တပ်မတော်အတွက် ရန်သူ့စစ်အင်္ဂါများကို ရရှိသွား၍ အများကြီး အကျိုးရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အများကြီးရှိတာပေါ့။ ရန်သူ့စစ်အင်္ဂါတွေကို ရသွားတာပေါ့။ ဘယ်မှာနေတယ်။ ဘယ်မှာဌာနချုပ် လုပ် တယ်။ ဘယ်သူတွေက အဓိကပါတယ်။ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းက ဘယ်လိုသွားတယ်။ KIA ဆီက ဘယ်လိုယူတယ်။ ဘယ်ဘက်ကနေ ဘယ်လိုသွင်းတယ်ဆိုတဲ့ ဥစ္စာတွေ အားလုံးက သူက သူ့‌ဒေသမှာတော့ သူက လူကြီးဆိုတော့ ပေါ်လစီနဲ့ ပတ်သက်တာတွေရော၊ နည်းဗျူဟာ၊ မဟာဗျူဟာနဲ့ ပတ်သက်တာတွေ အကုန်လုံး ရသွားတော့ စစ်တပ်ဘက်တော့ အများကြီး အကျိုးရှိသွားတာပေါ့” ဟု ပြောသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ဗိုလ်နဂါးသည် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ကို ဦးဆောင်ဖွဲ့စည်းခဲ့ကာ ၂၀၂၂ ခုနှစ်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်တွင် MRDA မှ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ဖွဲ့စည်းခဲ့ကာ NUG ၏ လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်နေသည့် တော်လှန်ရေးအဖွဲ့ အနေဖြင့် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အတွင်း လှုပ်ရှားသည်။