CNI News

၂၀၂၆ ခုနှစ်၊ ဖေဖဝါရီ ၂၀

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီကို သွားမည်ဆိုလျှင် သွားလို့ရသော်လည်း အစိုးရဘက်မှ လျှောက်လှမ်း နိုင်မည့် အခွင့်အလမ်းများ၊ လမ်းကြောင်းများနှင့် နည်းလမ်းများ ဖွင့်ပေးရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။

အစိုးရဘက်က လမ်းကြောင်းများ ဖွင့်လိုက်မှ ဥပဒေလက်အောက်မှာ နေနေသည့် လက်နက်ကိုင်အုပ်စုက သူ့ အပိုင်းနှင့်သူ စုစည်းကြလိမ့်မည်ဖြစ်ပြီး၊ သို့သော် ပုံစံမတူသည့် လမ်းကြောင်းရွေးပြီး သေချာလုပ်ရမည်ဟု ၎င်းက ပြောသည်။

ဒေါက်တာအန်ကောလက “EAO အပိုင်းက သူတို့အပိုင်းက သူတို့ရည်မှန်းချက်တွေ ပြောနေတာ ရှိပါလိမ့်မယ်။ အဲ့တာကတော့ သူတို့ရဲ့ လိုချင်တဲ့ အပိုင်းတွေပေါ့နော်။ တကယ်တမ်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အကောင်အထည် ဖော်မယ်ဆိုတဲ့ လမ်းကြောင်းက တကယ်တမ်း ချပေးရမှာက ဒီဘက်က အစိုးရပိုင်းက လုပ်ပေး ရမှာ။ EAO က ဘယ်လောက်ပြောပြော အကောင်အထည်ဖော်ချင်မှ ဖော်မယ်လေ။ လျှောက်သာတဲ့ အခွင့်အလမ်းတွေ၊ လမ်းကြောင်းတွေ၊ နည်းလမ်းတွေ ဖော်ပြပေးဖို့ လိုတယ်လို အဲ့ဒါကိုပြောတာ။ တကယ်တမ်း ကျတော့ ဖက်ဒရယ်ဒီမိုကရေစီ သွားမယ်ဆို သွားလို့ရပါတယ်။ ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေမှာလည်း ရှိနေ တာပဲ။ အဲ့ဒီတော့ ကျနော်တို့ ဒီမှာလည်း တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိတဲ့ နေရာမှာ ပြည်နယ် ၇ ခု ရှိတယ်လေ။ ၇ ခုလုံး ဒီလိုသွားရမယ်လို့တော့ မဟုတ်ဘူး၊ အခုလာမယ့်ကာလ သက်တမ်း ၅ နှစ်မှာ pilot project တစ်ခုတော့ လုပ်သင့်တယ်။ pilot project ဆိုတာ ကချင်မှာလုပ်မလား၊ ရခိုင်မှာလုပ်မလား၊ ချင်းမှာပဲလုပ်မလား၊ ကယားမှာပဲလုပ်မလား တစ်ခုခု ရွေးပေါ့ နော်။ ကျနော်တို့က ဒီသီးခြားစီ Article ရွေးနိုင်တဲ့ အခင်းအကျင်းတစ်ခုကို ဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းတွေ အားလုံးဖွင့်ပြီး ဆောင်ရွက်မှ ဖက်ဒရယ်ဒီမိုကရေစီကို ပိုပြီးဆန်မယ်။ ဒီတိုင်းကတော့ ရေစုန်မျောနေမှာပဲ။ ကျနော်တို့ တိုင်းပြည်မှာ မဖြစ်ခဲ့ဘူးလားဆိုတော့ ဖြစ်ခဲ့တယ်။ လူတွေက သတိမထားမိလို့။ သမိုင်းကြောင်း မလှန် လို့ ၁၉၄၇ အခြေခံဥပဒေက ကချင်ရယ်၊ ရှမ်းရယ်၊ ချင်းဝိဒေသတိုင်းရယ် အဲ့ဒီသုံးခုကို သီးခြား Article အနေနဲ့ ဖော်ပြပြီးတော့မှ ဆောင်ရွက်ဖူးတယ်ဗျ။ အဲ့ ဒီပုံစံမျိုးကို သွားမလားပေါ့။ သွားမလားဆိုတဲ့ ဆွေးနွေးချက်တွေ လို တယ်။ ဘယ်အခင်းအကျင်းက သွားမလဲဆိုတော့ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးဆိုတဲ့ ညီလာခံ တစ်ခုက နေ သွားရမှာ သို့မဟုတ် အခင်းအကျင်းတစ်ခု ဖန်တီးရမယ်။ ဒါကတော့ အစိုးရက ဖိတ်ခေါ်ရမယ့်အပိုင်း။ အစိုးရက ဦးဆောင်ပြီးလုပ်မယ့်အပိုင်း။ ဟိုဘက်ကတော့ သူတို့ကလည်း တိုက်ရေးခိုက်ရေးပဲ ပြောနေမှာ။ ကျန်တာကတော့ ဒီဘက် က အစိုးရကပဲ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို ဖွင့်ရမှာဖြစ်တယ်”ဟု ပြောသည်။ 

ဖက်ဒရယ် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားရန်အတွက် လက်ရှိအစိုးရ (သို့မဟုတ်) တာဝန်ယူထားသည့် အဖွဲ့အစည်းမှ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခြင်းနှင့် နိုင်ငံရေးအရ လမ်း ကြောင်း ဖွင့်ပေးခြင်းများ ပြုလုပ်ရန် တောင်းဆိုမှုများရှိနေသည်။

အစိုးရသည် ပြည်နယ်များသို့ အာဏာခွဲဝေပေးခြင်းနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အဓိကသော့ချက်ဖြစ်ကြောင်း၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကြီးစိုးရေးကို အခြေခံထားသဖြင့် စစ်မှန်သည့်ဖက်ဒရယ် ဒီမိုကရေစီအတွက် အခြေခံဥပဒေသစ် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန် နိုင်ငံရေးအရ တံခါး ဖွင့်ဆွေးနွေးရန် လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက အကြံပြုကြသည်။

တိုင်းရင်းသား လူငယ်များကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီသွားရန်က လွယ်လွယ်လေးဖြစ်ကြောင်း၊ ကဏ္ဍအလိုက် အပြီးအပြတ် လုပ်ပိုင်ခွင့် ပေးခြင်းက ဖက်ဒရယ်ပိုကျကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တကယ့် တကယ်ကျတော့ ဖက်ဒရယ်ဒီမိုကရေစီသွားဖို့က လွယ်လွယ်လေးပါပဲ၊ သူတို့က စကားတွေများ နေကြတာပဲ၊ ပြောနေကြတာပဲ။ တကယ့် တကယ်ကျတော့ ဖက်ဒရယ်ဒီမိုကရေစီ သွားဖို့ဆိုတာက လက်ရှိဖွဲ့စည်း ပုံအခြေခံဥပဒေ ၂၀၀၈၊ ၂၀၀၈ က တကယ်တော့ ဖက်ဒရယ်ပဲလေ၊ ၂၀၀၈ မှာ နည်းနည်းတော့ ပြင်ပေးရမှာရှိတာ။ ဥပမာ ဝန်ကြီးချုပ်ကို သမ္မတက ခန့်တယ်ဆိုတာမျိုးက ဒါကဖက်ဒရယ်တော့ မဟုတ်တော့ဘူး။ ဦးလှဆွေတို့ပြော တဲ့ ၂၆၁ ကို ပြင်လိုက်လို့ရှိရင် တော်တော်ကောင်းမယ်ဆိုတာလည်း မှန်ပါတယ်။ ဦးလှဆွေတို့ တပ်ကော၊ ကြံ့ခိုင် ရေးကရော သဘောတူထားပြီးသား ပုံစံမျိုးကောင်းတယ်။ သူ့ကဏ္ဍအလိုက် ကဏ္ဍအလိုက် အပြီးအပြတ်လုပ်ပိုင် ခွင့်ပေးလိုက်တာ ဖက်ဒရယ်ပိုကျတယ်”ဟု ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် ဗဟိုအစိုးရနှင့် ပြည်နယ်/ဒေသ အစိုးရများအကြား အာဏာခွဲဝေကျင့်သုံးခြင်းနှင့် ပြည်သူကို အာဏာအပ်နှင်းသည့် ဒီမိုကရေစီမူဝါဒကို ပေါင်းစပ်ထားသော စနစ်ဖြစ်ကြောင်း၊ ၎င်းသည် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ တည်ဆောက်ခြင်းဖြင့် အမျိုးသား စည်းလုံးညီညွတ်မှုကို ရှေးရှုခြင်းဖြစ်သည်။